ရှားပါးဝီစကီကို တခွက် အမေရိကန်ဒေါ်လာ ၁သောင်းပေး သောက်တဲ့ တရုတ်လူငယ်
အရက်ဘားသို့ လူတယောက်ရောက်လာပြီး ဝီစကီ တခွက်ကို အမေရိကန် ဒေါ်လာ ၁သောင်း ပေးပြီးကာ သောက်သွားသည်ကို သင်ကြားဖူးပါသလား။
ပြီးခဲ့တဲ့တပတ်က ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း စိန့်မောရစ်မြို့က Waldhaus ဟိုတယ်ကို တရုတ်လူငယ်တွေ အုပ်စုလိုက်ရောက်လာပြီး၊သူတို့ထဲမှ တဦးက ၁၈၇၈ ခုနှစ်ထုတ် နာမည်ကျော် Macallan စကော့ဝီစကီကို တခွက်ကို ဆွစ်ဖရန့် ၉၉၉၉ ပေးကာ သောက်သုံးသွားတယ်လို့ ဆွစ်ဇာလန် အခြေစိုက် 20Minuten သတင်းဝက်ဘ်ဆိုဒ်ကဆိုပါတယ်။
စိန့်မောရစ်မြို့က Waldhaus ဟိုတယ်ရဲ့ Devil’s Place ဝီစကီဘားဟာ ရှားရှားပါးပါး စုဆောင်းထား တဲ့ ဝီစကီ ပုလင်း ၂၅၀၀ ကြောင့် နာမည်ကျော်ပြီး ဂရင်းနစ် စံချိန်ဝင်ထားပါတယ်။
ဒီလို ဈေးကြီး ဝီစကီကို တရုတ်လူငယ် သောက်သုံးသွားတာနဲ့ ပတ်သက်ပြီး Waldhaus ဟိုတယ် ဝန်ထမ်းကလည်း အတည်ပြုပြောကြားပါတယ်။
ဟိုတယ်ပိုင်ရှင် ဆန်ဒရို ဘားနက်စ် ကိုနီကလည်း အဲဒီ အဖိုးတန်အရက်ပုလင်း Macallan ကို ဖွင့်ရလိမ့်လို့ မထင်ကြောင်း 20Minuten သို့ပြောပါတယ်။
“လူငယ်က အဲဒီအရက်ကိုု သောက်မယ်ဆိုတော့ ဈေးအကြီးဆုံး Macallan ကရောင်းဖို့ မဟုတ်ဘူးလို့ ပြောပေမယ့်၊ ဧည့်သည်က အတင်းတောင်းဆိုတဲ့အတွက် ကျနော်အဖေဆီကို လှမ်းဖုံးဆက်လိုက် ရတယ်” လို့ ဟိုတယ်ပိုင်ရှင် ဘားနက်စ် ကိုနီ ဆိုပါတယ်။
ဒီဟိုတယ်မှာ ဆွစ် ၇ ဖရန့်ကနေ ဖရန့်တသောင်းတန် အထိ ရွေးချယ်စရာအရက် ၄၇ မျိုးရှိပါတယ်။
ဘားနက်စ် ကိုနီရဲ့ ဖခင်ဟာ Waldhaus ဟိုတယ်ကို နှစ်ပေါင်း ၂၀ စီမံအုပ်ချုပ်ခဲ့သူဖြစ်ပြီး၊ ၁၈၇၈ ခုနှစ်ထုတ် Macallan ဝီစကီကို တဦးတယောက်က တခါမှ မှာယူသောက်သုံးခြင်း မရှိဘူးသေးတာ ကြောင့် ဧည်သည်က ငွေကြိုမပေးရင်တောင် ရောင်းချပေးဖို့ ခွင့်ပြု လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်စိတ်လှုပ်ရှားသွားတယ်” လို့ ဘားနက်စ်ကိုနီ ကပြောရင်း လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖုံးထားတဲ့ အဖုံးဆို့ ကြေမွသွားမည်ကိုလည်း သူအနေနဲ့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ ဟိုတယ်အနေနဲ့တော့ ပုလင်းကိုဖွင့်ပြီးသွားသောကြောင့် ကျန်အရက်ကို ဈေးလျော့ရောင်းချဖို့ စဉ်းစားနေတယ်လို့ 20Minuten ကဆိုပါတယ်။
အဲဒီ ဝီစကီ ပုလင်းဟာ မဖွင့်မီက တန်ဖိုး ဆွစ်ဖရန့် ၅သောင်းသတ်မှတ်ထားပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဝီစကီလေလံ စံချိန်အရဆိုရင် ဈေးသင့်တယ်လို့ သိရပါတယ်။
Macallan အရက်တခွက်ကို ဒေါ်လာတသောင်းပေး သောက်သွားတဲ့ လူငယ်ရဲ့ အမည်နဲ့ အခြားကိုယ်ရေး အချက်များကို လတ်တလောမရသေးပေ။
အရက်စုဆောင်းထားသူတဦးကတော့ ၂၀၁၄ခုနှစ်က ဟောင်ကောင်ပြုလုပ်တဲ့ အရက်လေလံပွဲမှာ Macallan အရက်တပုလင်းကို အမေရိကန် ဒေါ်လာ ၆၃၀၀၀၀ ဖြင့်လေလံတင် ရောင်းချထားပြီးဖြစ် ပါတယ်။