သတင်းတို

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံရရှိ

တပ်မတော်မှ တရားစွဲဆိုမှုကြောင့် အမှုနှစ်ခုကို တရားရင်ဆိုင်နေရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ယနေ့ရုံးချိန်းတွင် ကျပ်သိန်း ၁၀၀ ဖြင့် ဗဟန်းမြို့နယ်တရားရုံးက အာမခံပေးလိုက်ပြီဖြစ်သည်။

The Voice အကြီးတန်းအမှုဆောင်အယ်ဒီတာ ကိုအောင်စိုးက “ကိုကျော်မင်းဆွေရဲ့ ဂုဏ်သိက္ခာအရ လျှောက်တဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) နဲ့ အာမခံရခဲ့တာပါ”ဟုပြောသည်။

ကျည်ထောင်စုသစ္စာ သရော်စာဖော်ပြမှုကြောင့် ဦးကျော်မင်းဆွေအနေဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) တို့ဖြင့်တရားရင်ဆိုင်နေရပြီး ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်သည် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။

ဦးကျော်မင်းဆွေအနေဖြင့် ပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခံရမှုအပေါ် အာမခံရရှိရေး အကြိမ်ကြိမ် လျှောက်ထားခဲ့ရာတွင် ပယ်ချခံရမှုကြောင့် ယနေ့ရုံးချိန်းမတိုင်မီ အကျဉ်းထောင်အချုပ်အတွင်း ၂ လခန့်နေခဲ့ရသည်။ သူသည် ပုဒ်မ ၆၆(ဃ)ကို ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ပြီး ရုံးချိန်းမှာ သြဂုတ်လ ၁၇ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ သတင်းသွားရောက် ရယူပြီးအပြန်တွင် ဖမ်းဆီးခံရသည့် ဧရာဝတီ သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်) အပါအဝင် သတင်းသမား ၃ ဦးကို အာမခံပေးရန် လျှောက်ထားခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် ပယ်ချခံရသည်။

ဆက်စပ်ဖတ်ရှုရန် – The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၈ ကြိမ်မြောက် အာမခံပယ်ချခံရ

Loading