ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive ဖြစ်ပွားသည့် လူနာဦးရေမှာ သြဂုတ် ၃ ရက်အထိ ၁၁ ဦးထပ်မံတိုးပြီး ထပ်မံသေဆုံးသူ ၁ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“ပြင်းထန် အဆုပ်ရောင် ရောဂါနဲ့ ဆေးရုံတက်တဲ့ လူနာပေါင်းက ၃၀၅ ဦး၊ H1N1 ပိုးတွေ့သူ လူနာက ၁၁၀၊ ပိုးတွေ့တဲ့သူထဲက သေဆုံးသူက ၁၄ ဦး ဆိုတော့ ၁ ဦးတိုးတာပေါ့။ သူက ရန်ကုန်ဆေးရုံကြီးမှာ ပဲ ဆုံးသွားတယ်။ သူက ဧရာဝတီတိုင်း လပွတ္တာက လာတာပေါ့ အမျိုးသမီးပါ” ဟု ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူစုစုပေါင်းလူနာ ၃၀၅ ဦး၊ H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၁၁၀ ဦး နှင့် သေဆုံးသူ ၁၄ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ စာရင်းများ အရ သိရသည်။
သေဆုံးခဲ့သော အမျိုးသမီးသည် သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်တက်ရောက်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် သေဆုံးခဲ့ပြီး ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ စာရင်းများအရ သြဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ ဝေဘာဂီ အထူးကုဆေးရုံကြီး တွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၂၆ ဦးနှင့် အခြားတိုင်းဒေသကြီး ၊ ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၃၇ ဦးသည် ဆေးဝါးကုသမှုခံ ယူလျက်ရှိ ပြီး H1N1 ပိုးတွေ့ အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ ၂၈ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။