သတင်းတို

ငွေကြေးကိစ္စဖြင့် စစ်ဆေးခံရသူ ဦးစီးမှူးဟောင်းက မွန်လွှတ်တော်ဥက္ကဋ္ဌအား မလျော်သြဇာသုံးသည်ဟု စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် လွှတ်တော်ဝန်ထမ်းသစ် ခန့်အပ်ရာ၌ ငွေကြေး တောင်းခံရန် ကြိုးစားမှုကြောင့် တိုင်ကြား စစ်ဆေး ခံနေ ရသည့် လွှတ်တော် ဦးစီးမှူးဟောင်း ဆိုသူက မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့အား မလျော်သြဇာ သုံး၍ ဝန်ထမ်းသစ် ခန့်အပ်ရေးနှင့် လွှတ်တော်စီမံကိန်း များအတွက် တင်ဒါ ခေါ်ယူမှု များတွင် ပါဝင် ပတ်သက်ကြောင်း ပြန်လည် တိုင်ကြား ထားကြောင်း သိရှိ ရသည်။

“ပြီးခဲ့တဲ့ နှစ်ရက်ကမှ အတိုင်ခံရတဲ့ ဦးစီး အရာရှိက လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို မလျော်သြဇာ သုံးတာဆိုတာ အန်တီက မီဒီယာ ဆီကနေ စကား ကြားရတယ်၊ အန်တီ့ဆီကို မီဒီယာတွေ လာမေးတယ်၊ တိုင်ကြားတယ် ဆိုတာ မီဒီယာ ဆီက စကားပဲ ကြားတယ်၊ အန်တီ့ကို ခေါ်ယူ စစ်မေးခြင်းလည်း မရှိသေးဘူး၊ တိုင်စာလည်း အန်တီ့ဆီ မရောက် သေးဘူး” ဟု ၎င်းတိုင်ကြားခံထား ရခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သြဂုတ်လ ၄ ရက်နေ့က ပြောသည်။

လွှတ်တော် ဦးစီးမှူးဟောင်း ဆိုသူက မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့သည် မလျော် သြဇာအသုံးပြု ခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ် ခဲ့ပြီး တိုင်ကြားစာအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ NLD ပါတီ ဗဟိုနှင့် မွန်ပြည်နယ် NLD ပါတီ ထံသို့ တိုင်ကြား တင်ပြ ထားကြောင်း သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြန်လည် တာဝန်ထမ်းဆောင် သွားပြီ ဖြစ်သည့် ယခင် လွှတ်တော် ဦးစီးမှူးဟောင်း ဆိုသူသည် မွန်ပြည်နယ် လွှတ်တော်၏ အငယ်တန်း စာရေး ဝန်ထမ်း ခန့်အပ်ရန် အတွက် လစာ၏ နှစ်လစာနှင့် ညီမျှသည့် ငွေကျပ် ၃ သိန်းအား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တို့အား ဂါဝရ ပြုရန် အတွက် ငွေကြေးတောင်းခံရန် ကြိုးစားခဲ့ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် သတင်း ထွက်ပေါ် ခဲ့သည်။

ထို့နောက်တွင် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၏ တာဝန်ပေးအပ်ချက်ဖြင့် ၎င်းငွေကြေး တောင်းခံရန် ကြိုးပမ်း ခဲ့သည့် လွှတ်တော် ဦးစီးမှူးဟောင်း ဆိုသူနှင့် ဝန်ထမ်း များအား လွှတ်တော်၏ တိုင်စာ၊ အသနား ခံစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မီတီမှ ဇူလိုင်လ ၇ ရက်နေ့တွင် စတင် စစ်ဆေး ခဲ့ရာတွင်လည်း အထက်ပါ အတိုင်း တိုင်ကြား ခဲ့ဖူးကြောင်းလည်း ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

၎င်းက“အဲဒီအချိန်မှာ ဦးစီးမှူးက လွှတ်တော် ရုံးမှာ တာဝန် ထမ်းဆောင် နေဆဲ ဖြစ်တယ်၊ မိခင် ဌာနကို မပြန်ရ သေးဘူး၊ ဒါပေမယ့် ဘာကို တွေ့ရလဲ ဆိုတော့ သူ့ကိုခေါ်ယူ စစ်ဆေး မေးမြန်းတဲ့ အချိန်မှာ အခုမီဒီယာ တွေမှာ ပြောတယ် ဆိုတဲ့ ကိစ္စရပ် မျိုးကို စာနဲ့ရေးပြီး ကျနော်တို့ ကော်မတီ ဆီကို တစ်ခါ တင်ဖူးတယ်၊ သူရဲ့ အထက်အရာရှိ ဆီမှာ နှုတ်နဲ့ ခွင့်တောင်းပြီးတော့ ဒီတိုင်ကြား စာရွက်ကို ယူလာပြတယ်” ဟု ရှင်းပြသည်။

အဆိုပါ ငွေကြေး တောင်းခံရန် ကြိုးစားမှုနှင့် စပ်လျဉ်း၍ အခင်းဖြစ်ပွားသည့် နေ့၌ တာဝန်ကျ လွှတ်တော် ဝန်ထမ်း များနှင့် ခန့်အပ် ခံခဲ့ရသည့် ဝန်ထမ်းသစ်များ၊ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်တို့ အပါအဝင်အား ကော်မီတီမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့တွင် အစီရင်ခံစာနှင့် လွှတ်တော်ဥက္ကဋ္ဌ၏ သုံးသပ်ချက် များနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် လက်ထဲသို့ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“တိုင်ကြားစာက တက်လာတဲ့စာ ၊ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ အပေါ်စာနဲ့ သူ့(မွန်ပြည်နယ် ဝန်ကြီးချုပ်) လက်ထဲကို ကျနော့် ယဉ်မောင်း ကိုယ်တိုင် သွားထည့် ထားပေးတယ်၊ သိရ သလောက်ကတော့ ဝန်ကြီးချုပ် ကလည်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့တော့ ပြောထားဖူးတယ်၊ ဒါပေမယ့် ဘယ်လိုလုပ်မယ်၊ ဘယ်နှစ်ရက် အတွင်း လုပ်မယ် ဆိုတာတော့ သူမပြောဘူး” ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading