ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုကြောင့် လူပေါင်း ၂၆ ဦးသေဆုံးကာ အိမ်ခြေ ၂၀၀ ကျော် ပျက်စီးကာ ဗီယက်နမ်ငွေ ဒေါင် ၉၄၀သန်းတန်းဖိုး ဆုံးရှုံးခဲ့ကြောင်း အစိုးရ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ယနေ့ ကြေညာလိုက်ပါတယ်။
ရေကြီးမှုကြောင့် အသေအပျောက်ကြီးမားခဲ့သလို လူ ၁၅ ဦးလည်း ပျောက်ဆုံးနေကြောင်း၊ ရေကြီး မြေပြိုမှုများကြောင့် လမ်းများပျက်စီးကာ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးစေကြောင်း၊ ပြည်နယ် ၄ခုမှာ လယ်ယာမြေများ ပျက်စီးခဲ့ရပြီး၊ စိုက်ပျိုးပြီးသား စပါးနှင့် တခြားသော သီးနှံများလည်း ဆုံးရှုံးခဲ့ရပါတယ်။
သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုကော်မတီက လမ်းများကို ပြန်လည်ပြုပြင်နေကြောင်း၊ ရေကြီးမှုဒဏ်ခံ ပြည်သူများ နေရာချပေးရေးအတွက် ရေပေးရေးစနစ်နှင့် အခြေခံအဆောက်အအုံကို ပြန်လည်ပြင်ဆင်နေကြောင်း ဆိုပါတယ်။
ယခုနှစ် မိုးရာသီမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မြန်မာ၊ ထိုင်းတို့မှာ ရေကြီးရေ လျံမှုများ ဖြစ်နေပြီး၊ ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသတွေမှာ မိုးကြီးကာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၃ဦးသေဆုံးကာ အမေရိကန်ဒေါ် သန်း ၃၀၀ဖိုးခန့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။