ယနေ့တွင် ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဗိုင်းရပ်စ်ပိုးရှိသူ ကလေးငယ် တဦး ထပ်မံ သေဆုံးခဲ့ပြီး H1N1 ပိုးတွေ့လူနာ ၈ ဦးထပ်မံတိုးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကလေးငယ်သည် ဧရာဝတီတိုင်းမှလာရောက် ကုသနေခြင်းဖြစ်ပြီး ရန်ကုန်ကလေးဆေးရုံတွင် သြဂုတ်လ ၇ ရက်နေ့ (ယနေ့) မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“သေဆုံးသူက ၁ ဦးတိုးပါတယ်။ ၁၆ ဦး ရှိပါပြီ။ ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆုံးသွားတာပေါ့ ဧရာဝတီတိုင်းက လာတဲ့ မိန်းကလေးပါ ၇ ရက်နေ့ မနက်ပိုင်းကဆုံးတာပါ” ဟု ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ နေ့လည် ၂နာရီအထိ စာရင်းများအရ ပြင်းထန်အသက်ရူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၄၀၉ ဦးတွင် H1N1 Positive လူနာ ၁၅၄ ဦး နှင့် သေဆုံးသူ ၁၆ ဦးအထိရှိပြီး ဖြစ်ကြောင်း သိရသည်။