မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်၍ ပြစ်တင်ရှုံချလိုက်ပြီး ဒါဟာ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်သလို ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက်လျော့ချရေးအတွက် စကားပြောဆိုဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းဌာန (KCNA)က ယနေ့ ကြေညာလိုက် ပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်နဲ့ ပတ်သက်ပြီး ဒါဟာ မြောက်ကိုရီးယား ရဲ့ အချုပ်အခြာအာဏကိုု ထိပါးတာဖြစ်တဲ့အတွက် ကျွနုပ်တို့အနေနဲ့ လုံး၀ ရှုံချကြောင်း၊ ပြုံယမ်းအနေနဲ့ ကိုရီးယားကျွန်းဆွယ်အတွက် နျူကလီးယား လက်နက်လျော့ ချရေး ဆွေးနွေးမှာမဟုတ်သလို အမေရိကန်ရဲ့ ရန်လိုခြိမ်းခြောက်မှုကလည်း ရှိနေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပိုမိုတင်းကျပ်စွာ အရေးယူ မယ့် ဆုံးဖြတ်ချက်အမှတ် ၂၃၇၁ကို တညီတညွတ် ထဲ ချမှတ်ခဲ့တာဖြစ်ပြီး၊ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကျောက်မီးသွေး၊ သံနဲ့ သတ္တု၊ ပင်လယ် ရေထွက်ကုန် စတာတွေကို မြောက်ကိုရီး ယား သို့ တင်ပို့နေတာကို ပိုမိုတင်းကျပ်ဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဖက်စပ်လုပ်ငန်းထူထောင် လုပ်ကိုင်ခြင်း သို့မဟုတ် မည်သည့်အဖွဲ့ဝင်နိုင်ငံရှိ စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မြောက်ကိုရီးယားအလုပ်သမားအရေအတွက်ကို တိုးမြှင့်ခြင်းကို ပိတ်ပင်ခြင်းတို့ပါဝင်ပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုများ ရှုံချမှုများ အကြိမ်ကြိမ် ပြုလုပ်ပေမယ့်လည်း မြောက်ကိုရီးယား အနေနဲ့ လိုက်နာခြင်းမရှိသလို နျူကလီးယားနဲ့ ဒုံးပျံလက်နက် စမ်းသပ်မှုများကို ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံများ ဆက်စပ်အစည်းအဝေး ပြင်ပမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကုလလုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့အသစ်အပေါ်မှာ ထောက်ခံ ကြောင်း၊ နျူကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုကို ရပ်ဆိုင်းဖို့ ပြောဆိုခဲ့ပါတယ်။