အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံသို့ ရောက်ရှိ
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တဲလားဆွန်းဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ ပါတယ်။
ဒါဟာ ၂၀၁၄ခုနှစ်က ထိုင်းစစ်တပ် အာဏာသိမ်းမှုအပြီး အမေရိကန်အစိုးရအဆင့်မြင့်အရာရှိကြီး တဦး စတင်ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဒီလိုလာရောက်ခြင်းဟာ ထိုင်းအာဏာသိမ်းစစ်အစိုးရနဲ့ တရုတ်တို့ ရဲ့ ပိုမိုနီးကပ်စွာဆက်ဆံခြင်းကြောင့် ယူဆကြပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တဲလားဆွန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံ ဒေသတွင်းနိုင်ငံများ အစည်းအဝေးမှတဆင့် လာရောက်ခဲ့ခြင်းဖြစ်ကာ သူဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဘဏ္ဍာရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ထိုင်းခရီးစဉ်နဲ့ ပတ်သက်လို့ အရေးကြီးကြောင်း၊ နှစ်နိုင်ငံဆက်ဆံ ရေး တိုးတက်ခိုင်မြဲမှု အပါအဝင် တခြားသော ဆွေးနွေးစရာတွေ အများအပြားရှိတယ်လို့ ထိုင်းနိုင်ငံခြား ရေး ဝန်ကြီးဌာန ပြောခွင့်ရ Busadee Santipitaks ကဆိုပါတယ်။
ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာဟာ မကြာမီအတွင်း အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ဖိတ်ကြားမှုအရ ဝါရှင်တန်ကိုသွားရောက်မှာဖြစ်ပေမယ်၊ ရက်သတ်မှတ်ရခြင်းမရှိ သေးပါဘူး။
ထိုင်းအစိုးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို စောင့်ကြည့်နေတဲ့အဖွဲ့တွေကတော့ အခုလို အမေရိကန်နဲ့ ထိုင်းနိုင်ငံအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာတာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်ဟာ ၂၀၁၄ခုနှစ် မေလမှာ ဝန်ကြီးချုပ် ယင့်လပ် ထံမှ အာဏာသိမ်းယူခဲ့တာဖြစ်ပြီး၊ စစ်တပ်အာဏာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။
အဲဒီအာဏာသိမ်းမှုကို မဟာမိတ်အမေရိကန်က ကန့်ကွက်ခဲ့ပြီး အရေးယူမှုတချို့ပြုလုပ်ခဲ့တာကြောင့် ထိုင်းစစ်တပ်ဟာ တရုတ်ဖက်ကို ပိုမိုယိမ်းခဲ့ပြီးနောက် ရေငုပ်သင်္ဘော၊ တင့်ကားနဲ့ ရဟတ်ယာဉ်များ ဝယ်ယူမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။