အမေရိကန်လေယာဉ်တင်သင်္ဘော ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး၊ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်ရန် ရှိကြောင်း Reuters သတင်းကဆိုပါတယ်။
မနေ့က ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ငုယင်ဇန်လစ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်တို့ ဝါရှင်တန်မြို့တွင် တွေ့ဆုံရာမှာ အရှေ့တောင်အာရှ ရေကြောင်းလွတ်လပ်စွာ သွားလာ ခွင့် အပါအဝင် ဘုံအကျိုးစီးပွားတို့ကို ဆွေးနွေးကြပြီးနောက် စစ်ရေးဆက်ဆံမှုကို ပိုမိုအားကောင်းစွာ လုပ်ကိုင်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အမေရိကန်စစ်ဌာနချုပ် ပင်တာဂွန်၏ ထုတ်ပြန်ချက်တွင် ဗီယက်နမ်နဲ့ ထိတွေ့ဆက်ဆံမှုအပါအဝင် အာရှပစ္စဖိတ်ဒေသတွင်း ခေါင်းဆောင်များနှင့် ဆက်ဆံရေးတိုးမြှင့်မှုကို ကြိုဆိုကြောင်း ပါရှိပါတယ်။
ဗီယက်နမ်သည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ အတွင်း တရုတ်၏ တောင်တရုတ်ပင်လယ် အတွင်း လှုပ်ရှားလာနေမှုကို ပိုမိုဆန့်ကျင်လာသည့် နိုင်ငံဖြစ်ပြီး၊ ဗီယက်နမ်နဲ့ တရုတ် အကြား တင်းမာမှုပိုမိုဖြစ်ပွားလာတာကတော့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်မှုကြောင့်ဖြစ်ပါတယ်။
ဗီယက်နမ်ရဲ့ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ စတဲ့နိုင်ငံများနဲ့ ဆက်ဆံရေးသာမက စစ်ရေးပတ်သက်မှု ပိုမိုပြုလုပ်လာတာဟာ တရုတ်အတွက် ဒေါသထွက်စရာဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများနဲ့ ဒေသ တွင်းနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုအတွင်း တရုတ်နဲ့ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဖို့ ရှိပေမယ့် ဖျက်သိမ်းခဲ့ပါတယ်။