ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားတစီးက စစ်သားများ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လူများစွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပါရီမြို့ဆင်ခြေဖုံးဒေသမှာ အနက်ရောင် BMW ကားတစီးက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကားကို ရဲတပ်ဖွဲ့ ကရှာဖွေနေပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ အဆိုအရ စစ်သားများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ၄ဦးကတော့ မစိုးရိမ်ရကြောင်း သိရပါတယ်။
အဲဒီ BMW ကားဟာ စစ်တန်းလျားများ အနီးမှာ ရပ်ထားခဲ့ပြီး၊ စစ်သားများ အပြင်ထွက်တဲ့အချိန်မှာ မောင်းနှင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုဖြစ်ရပ်ကိုတော့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ထုတ်ပြောဆိုခြင်းမရှိသေးပေမယ့် ပါရီမြို့တော်ဝန်က တော့ ကြိုတင်ကြံစည်တဲ့ ဖြစ်ရပ်ဖြစ်ကြောင်း BFMTV ရုပ်သံဌာနကို ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ အသက် ၄၀ အရွယ် အယ်လ်ဂျီးရီးယား အနွယ်ဖွားတဦးဟာ နော်တာဒိန်း ဘုရားကျောင်းအနီးမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊ ဧပြီလ ၂၀ ရက်နေ့ကလည်း အသက် ၃၉နှစ် အရွယ် အစွန်းရောက်တဦးဟာ ရဲတပ်ဖွဲ့ဝငင်များကို တိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူ ဗြိတိန်နိုင်ငံမှာလည်း အကြမ်းသမားများက လုံခြုံရေးရဲများနှင့် ပြည်သူများကို ကားဖြင့် ဝင်တိုက်ကာ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။