ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဗိုင်းရပ်စ်ပိုးရှိသူ ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးသည် သြဂုတ်လ ၉ ရက်နေ့တွင် သေဆုံးခဲ့ပြီး H1N1 Positive လူနာ ၁၇ ဦး ထပ်တိုးလာကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သေဆုံးခဲ့သောကလေးငယ် ၂ ဦးမှာ ဧရာဝတီတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း သိရသော်လည်း မည်သည့်ဆေးရုံတွင် သေဆုံးသွားသည်ဆိုသည်ကို လတ်တလောတွင် မပြောကြားနိုင်သေးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ၉ ရက်နေ့ နေ့လယ်၂နာရီအထိ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက် ကုသနေသော လူနာ ၄၇၄ဦးတွင် H1N1 Positive လူနာ ၁၈၃ ဦး နှင့် သေဆုံးသူ ၁၉ဦးအထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၁၁ ဦးနှင့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်ဆေးရုံများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၅၂ ဦးတို့ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး လူနာအများစုမှာ ရောဂါ သက်သာနေပြီဖြစ်ကြောင်း သိရသည်။