သတင်းတို

သြဂုတ် ၆ ရက်နေ့က သေဆုံးကလေးငယ် H1N1 ဟု အတည်ပြု

ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စာရင်းတွင် ၂ နှစ်အရွယ် ကလေးငယ် တဦးထပ်မံတိုးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခု သေဆုံးခဲ့သော ကလေးငယ်သည် ဟင်္သာတဆေးရုံသို့ သြဂုတ်လ ၃ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူ ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့က သေဆုံးခဲ့သော်လည်း ဗိုင်းရပ်စ်ပိုးစစ်ဆေးသည့် အဖြေရလဒ်ကို စောင့်ဆိုင်းနေရပြီး ယနေ့ အဖြေ ရရှိလာမှသာ H1N1 သေဆုံးစာရင်းတွင် ပါဝင်လာရခြင်းဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ရှင်းပြသည်။

သြဂုတ်လ ၉ ရက်နေ့ကလည်း အသက် ၁၀ နှစ်အောက် ကလေးငယ်၂ဦး H1N1 ရောဂါဖြင့်ပင် သေဆုံးခဲ့ရကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ၁၀ရက်နေ့ နေ့လယ် ၂နာရီအ ထိ စာရင်းများအရ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ၅၁၀ဦးတွင် H1N1 Positive လူနာ ၁၉၄ဦး နှင့် သေဆုံးသူ၂၀ဦးအထိ ရှိပြီး ဖြစ်ကြောင်း သိရသည်။

Loading