သတင်းတို

စမ်းချောင်းမြို့နယ် G&G စတိုးဆိုင်ကို လုယက်သူများကို ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် G & G စတိုးဆိုင်သို့ ယနေ့ နံနက်ပိုင်းက ဝင်ရောက် လုယက်သူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ G & G စတိုးဆိုင် ဝန်ထမ်း ၂ ဦး ရှိနေစဉ် မျက်နှာဖုံး အနက်ရောင်တပ် လူငယ် ၄ ဦးက ဆိုင်တွင်း ဝင်ရောက်လာကြောင်း၊ ဆိုင်ဝန်ထမ်း ၂ ဦးကို လူငယ် ၃ ဦးကို ဓားဖြင့်ထောက်ထားပြီး ကျန် ၁ ဦးက ဆိုင်ကောင်တာ အံဆွဲအတွင်းမှ ငွေ ၄ သိန်းခန့်နှင့် ဝန်ထမ်း ၂ ဦးထံမှ ရွှေလက်စွပ် တကွင်း၊ ဖုန်း ၂ လုံး၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ စုစုပေါင်း တန်ဖိုး ၁၀၅၄၀၀၀ တို့ကို လုယက်ကာ ဆိုင်ရှေ့တွင် အသင့်စောင့်ဆိုင်းနေသည့် Pro box ကားနံပတ် BB- ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယာဉ်နံပတ်အတိုင်း လိုက်လံ စုံစမ်းရာမှ မရမ်းကုန်း မြို့နယ်၊ အမှတ် ၃ ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် စည်သူလွင် မော်တော်ယာဉ်နှင့်အတူ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူ အသက် ၂၃ နှစ်ရှိ အာယုကျော်၊ အသက် ၁၉ နှစ်ရှိ ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်၊ အသက် ၁၈ နှစ်ရှိ ကျော်ထူး(ခ)လှမျိုးနိုင် တို့ကိုလည်း နံနက် ၁၁ နာရီခွဲအချိန်တွင် ၎င်းတို့ နေထိုင်ရာ နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း ဖုန်း တလုံး၊ ရွှေလက်စွပ် တကွင်း၊ ဖုန်းငွေဖြည့်ကတ်များနှင့် ငွေ ၁၆၀၄၀၀ တို့ကို သိမ်းဆည်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ လုယက်မှုကို စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

Loading