ရခိုင်ပြည်နယ်အတွင်း ပထမဆုံး H1N1 ကူးစက်ရောဂါခံရသူ ကလေးငယ် တဦးကို တွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သတင်း ရရှိသည်။
အဆိုပါ H1N1 ရောဂါ ကူးစက်ခံရသူ ကလေးငယ်မှာ အသက် ၁ နှစ်နှင့် ၁ လ ရှိပြီး စစ်တွေမြို့နယ် ဗျိုးဖြူကျေးရွာမှ ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က ပြောသည်။
ဒေါက်တာ ကြည်လွင်က “ ဒီရာသီက တုတ်ကွေးရာသီဆိုတော့ ကျနော်တို့ ရခိုင်မှာလည်း ဖြစ်လာနိုင်တယ် ဆိုပြီး စောင့်ကြည့်နေခဲ့တာ၊ မနေ့က သံသယ ဖြစ်စရာကောင်းတဲ့ လူနာတွေကို ဓာတ်ခွဲစမ်းသပ်ကြည့်တော့ စစ်တွေ ဗျိုးဖြူကျေးရွာက ကလေးငယ် တဦးမှာ တွေ့တယ်။ ကျနော်တို့ ကလေးမိဘတွေကို မေးကြည့်တော့ ဘယ်မှလည်း သွားတာ လာတာမရှိဘူးဆိုတော့ ရောဂါက ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်ကပဲ ကူးစက်တယ် လို့ ယူဆပါတယ် ” ဟု ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေ အထွေထွေဆေးရုံကြီးတွင် ရာသီ တုတ်ကွေးရောဂါဖြစ်ပွားမှု သံသယလူနာ ၁၂ဝ ဦး ရှိပြီး ယင်းအထဲမှ အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေရသော ကလေးငယ် ၄ ဦးမှာ ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ကလေးငယ် H1N1 ရောဂါကူးစက်ခဲ့ရသူ ကလေးငယ် တဦးတွေ့ရှိပြီး ကျန်ကလေးငယ် ၃ ဦးကိုလည်း အခြေအနေကို စောင့်ကြည့်လျှက် ရှိကြောင်း ဒေါက်တာ ကြည်လွင်က ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိသည့် စစ်တွေမြို့နယ် ဗျိုင်းဖြူ ကျေးရွာသို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ သွားရောက်ကာ ရောဂါ ဖြစ်ပွားနေမှု အခြေအနေများနှင့် သံသယဖြစ်ဖွယ် လူနာများကို ရှာဖွေ စမ်းသပ် စစ်ဆေးနေပြီး ကျေးရွာသားများကို အသိပညာပေး ဟောပြောမှုများကို ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။
H1 N1 ရောဂါဖြစ်ပွားမှု အခြအနေနှင့်ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း ဖြစ်ပွားနေသည့် အတွက် ရခိုင်ပြည်နယ်တွင်လည်း ယခုကဲ့သို့ ရောဂါပိုးမတွေ့ခင်အတည်းက ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည်သူလူထုကို ကျန်းမာရေး အသိပညာပေးခြင်း၊ ဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေလျှက် ရှိကြောင်း၊ မြို့နယ်တိုင်းရှိ ဆေးရုံများကိုလည်း ရောဂါဖြစ်ပွားမှု အခြေအနေများကို လေ့လာစောင့်ကြည့်ပြီး အခြေအနေ ထူးခြားလျှင် ချက်ချင်း အကြောင်းကြားရန် ညွန်ကြားထား ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးက ဆိုသည်။