သတင်းတို

မွန်တော်လှန်ရေးနေ့ အခမ်းအနား သေနတ်ဖောက်ခဲ့၍ မွန်ပြည်သစ်ပါတီ ခေါ်ယူမေးမြန်း ခံရ

မွန်ပြည်သစ်ပါတီအား မွန်တော်လှန်ရေး အခမ်းအနားများတွင် စစ်ရေးပြ၊ သေနတ်ပစ်ဖောက်ခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအရ မသင့်လျော်ကြောင်း အကြောင်းပြချက်ဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က သြဂုတ်လ၁၂ရက်နေ့တွင် ခေါ်ယူ မေးမြန်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“သူတို့ ပြောတာကတော့ သူတို့ဆီမှာလည်း အာဇာနည်နေ့ အခမ်းအနားကို လုပ်နေတာပဲ သေနတ်မဖောက်ဘဲ ကျင်းပလို့ မရဘူးလားပေါ့” ဟု နိုင်ဝင်းလှက အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တွေ့ဆုံအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ တိုင်းဦးစီး ဗိုလ်မှူးကြီး တင်ထွဋ်နှင့် ဒုဗိုလ်မှူးကြီး ရဲထွဋ်တို့ တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှ နိုင်ဝင်းလှ အပါအဝင် ကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့ကြသည်။

ယခုလ ၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ဗဟိုဌာနချုပ်မှ အပ ကျန်နေရာများ၌ စစ်ဝတ်စုံနှင့် လက်နက်ဖြင့် စစ်ရေးပြ ချီတက်ခြင်း မပြုရန် မွန်ပြည်သစ်ပါတီထံ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ရေးမြို့အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် ၁၉ က အကြောင်းကြားခဲ့သော်လည်း မွန်ပြည်သစ်ပါတီ (ဗဟို)နှင့် ခရိုင်များမှ ဦးစီးကျင်းပသည့် အခမ်းအနားများ၌ သေနတ်ပစ်ဖောက် အလေးပြုခြင်းနှင့် စစ်ဝတ်စုံများဖြင့် ချီတက် အလေးပြုခြင်းများကို ယခင်နှစ်များအတိုင်း ပြုလုပ်ခဲ့သဖြင့် ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်သည်။

Loading