သတင်းတို

မန္တလေး H1N1 ဖြစ်သူ ၂၀ တွင် ၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၃၀ ရက်နေ့မှ ဩဂုတ် ၁ဝရက် နံနက် ၈ နာရီအထိ H1N1 ရောဂါဖြင့် ဆေးရုံတက် ကုသသူ ၂၀ ဦးရှိခဲ့သော်လည်း လက်ရှိတွင် ဆေးရုံများ၌ ကုသနေသူ ၁၀ ဦးရှိကာ ၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် သြဂုတ်လ ၁၀ ရက်နေ့အထိ ကုသမှုခံယူသူ ၁၆ ဦး ရှိခဲ့သည့်အနက် ၅ဦး မှာ ဆေးရုံမှဆင်းခွင့် ရခဲ့ပြီး ၃ ဦး သေဆုံးကြောင်း၊ မန္တလေး ခုတင် ၅၅၀ဆံ့ ကလေးဆေးရုံကြီးတွင်လည်း H1N1 ဖြင့် ၃ ဦး တက်ရောက်ခဲ့ပြီး တဦးသေဆုံးကာ ၂ ဦးမှာ ကုသမှုခံယူနေကြောင်း၊ ပြင်ဦးလွင်ဆေးရုံကြီးတွင် တဦး တက်ရောက်ပြီး သေဆုံးခဲ့ကာ လက်ရှိတွင် တက်ရောက် ကုသဆဲလူနာ မရှိကြောင်း တိုင်းအစိုးရ အဖွဲ့က ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆင်းခဲ့သည့် ၅ဦးတွင် ၃ ဦးမှာ H1N1 ဗိုင်းရပ်စ်ပိုး မတွေ့ရှိဘဲ ကုသမှု ပျောက် ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း၊ သေဆုံးသူ ၃ ဦးမှ ၂ ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသည်ဟု မန္တလေး အထွေ ထွေရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက ပြောသည်။

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ သြဂုတ် ၁၂ ရက်နေ့အထိ ကုသမှုခံယူနေသူ ၈ ဦးကျန်ရှိပြီး ၄ ဦးတွင် H1N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိရပြီး ကျန် ၄ ဦး၏ ဆေးစစ်ချက်များကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ စစ်ဆေးထား ဆဲဖြစ်၍ မသိရှိရသေးပေ။

မြန်မာတနိုင်ငံလုံးတွင် H1N1 လူနာ ၂၃၀ ဦး ရှိခဲ့ပြီး သေဆုံးသူ ၂၃ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သိရသည်။

Loading