သြဂုတ်လ ၁၅ရက်နေ့တွင် ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂ ဦးတိုးပြီး ပိုးတွေ့လူနာ ၇ ဦး ထပ်မံတိုးကာ သေဆုံးသူ ၂၅ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
သေဆုံးခဲ့သူ ၂ ဦးသည် မုံရွာမှ အမျိုးသားတဦးနှင့် ဘားအံမှ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် တဦး ဖြစ်ပြီး အဆိုပါ ၂ ဦးသည် သြဂုတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ၎င်းတို့နေထိုင်ရာ မြို့များရှိ ဆေးရုံများတွင် တက်ရောက်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ၁၅ရက်နေ့ နေ့လယ် ၂နာရီအထိ စာရင်းများအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၆၄၈ ဦးတွင် H1N1 Positive လူနာ ၂၃၅ ဦး ရှိရာမှ ၇ ဦး ထပ်တိုးလာသဖြင့် ၂၄၂ဦး ရှိလာခဲ့ပြီး သေဆုံးသူ၂၅ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၆ ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီး များတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၅၁ ဦး၊ စုစုပေါင်း ၅၇ ဦး ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာ လျက် ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ၁၅ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧရာဝတီတိုင်းသည် ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ အများဆုံး ဖြစ်ပြီး အများစုသည် ဆေးရုံများသို့ နောက်ကျ ရောက်ရှိလာကြကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဆင်းရဲ နွမ်းပါးတာလည်းပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တကိုယ်ရည် သန့်ရှင်းရေးလည်း ပါတယ်။ ခရီးလမ်းပန်းဆက်သွယ်ရေး ဝေးတာလည်းပါတယ်။ ဆေးရုံကိုရောက်တာ နောက်ကျတာတွေပေါ်လည်း မူတည်တယ်” ဟု ၎င်းကပြောသည်။
ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ စာရင်းများအရ ဧရာဝတီတိုင်းတွင် H1N1 ကြောင့် သေဆုံး သူ ၉ ဦးအထိ ရှိပြီး ရန်ကုန်တိုင်းသည် H1N1 ဖြစ်ပွားသူ အမြင့်ဆုံးဖြစ်သော်လည်း သေဆုံးသူ ၇ ဦးသာ ရှိ ကြောင်း သိရှိရသည်။