ထိုင်းနိုင်ငံ၊ တောင်ပိုင်း လိပ်ကျွန်း (ကော့တောင်) လူသတ်မှုနှင့်ပတ်သက်၍ နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးတော်သို့ သြဂုတ်လ ၁၈ ရက်နေ့တွင် တင်သွင်းမည် ဖြစ်ကြောင်း အမှုအား လိုက်ပါဆောင် ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “ပထမတော့ သြဂုတ် ၂၁ ရက်နေ့တင်မလို့ပဲ၊ ဒါပေမယ့် ၁၈ ရက်နေ့မှာ တင်ဖို့ပြင်ဆင်ထား ပြီးပါပြီ၊ ဥပဒေဆိုင်ရာ အထောက်အထားအရ အားသာချက်တွေ ကိုယ့်ဘက်မှာရှိတဲ့အတွက် အလားအလာ ကောင်းပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
နောက်ဆုံး အယူခံလျှောက်ထားရန် အမှုနှင့်ပတ်သက်၍ အထောက်အထား၊ ဥပဒေပိုင်းဆိုင်ရာ အဓိကကျသည့် အချက်အ လက်များအား အခြေခံရေးသားထားကြောင်း၊ ထိုအချက်များ၌ မြန်မာနိုင်ငံမှ ပေးပို့ထားသည့် ဥပဒေ အကြံပြု ချက်များ လည်း ပါဝင်ကြောင်း သိရသည်။
သေဒဏ်ပေးရမည့် အမှုအနေဖြင့် ခြွင်းချက် မရှိ သက်သေခိုင်လုံရမည် ဖြစ်သော်လည်း လိပ်ကျွန်းအမှု၌ ထိုကဲ့သို့ မဟုတ် ဘဲတိကျမှု မရှိသည့် အချက်အလက်များကို အခြေခံ၍ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
ထို့အတူ လိပ်ကျွန်းအမှုသည် ခိုင်လုံသည့် သက်သေအထောက်အထားမရှိသည့်အပြင် ရှုပ်ထွေးမှု အများအပြားလည်း ရှိနေ၍ သေဒဏ်ကျခံနေရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည်လည်း တရားသေလွတ်မြောက်ရန်သာ ရှိတော့ ကြောင်း ရှေ့နေ က ပြောသည်။
လိပ်ကျွန်း အမှုအား နောက်ဆုံးထား အယူခံတင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီကလည်း ဥပဒေပိုင်း ဆိုင် ရာ အကူအညီများပေးနေကြောင်း၊ နောက်ဆုံး အယူခံမှုနှင့်ပတ်သက်၍ အမိန့်ချမှတ်ခြင်းအား ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ ဆောင်ရွက်မည်ဟု သိရသည်။
အကယ်၍ ရှုံးနှိမ့်ခဲ့ပါက ထိုင်းနိုင်ငံ၏ ဘုရင်ထံ အသနားခံတင်ပြရန်အတွက်လည်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက နောက်ဆုံးအဆင့် အနေဖြင့် ပြင်ဆင်ထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းလူသတ်မှု ကျူးလွန်သည်ဟုစွပ်စွဲမှုဖြင့် ဒေသဏ်ပေးခြင်းခံထားရပြီး ယခု အခါ ဘန်ကောက်ရှိ အကျဉ်းထောင်၌ ရှိသည်။ ၎င်းတို့အားလူသတ်မှု၊ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့်၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပြစ်ဒဏ်များချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗြိတိသျှ နိုင်ငံသား နှစ်ဦးအသတ်ခံခဲ့ရသည့် လိပ်ကျွန်းလူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့သည်။