သတင်းတို

ဘာစီလိုနာ အကြမ်းဖက်တိုက်ခိုက်မှု ၁၃ဦးသေဆုံး

စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာလှည့်ခရီးသွားများ စည်ကားတဲ့နေရာကို ကားတစီးက အတင်း မောင်းဝင်ကာ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၃ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။

ကုန်တိုက်ကြီးတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားတဲ့ Las Ramblas ဆိုတဲ့ အရပ်မှာ မနေ့ညနေ ၅နာရီခန့်က အဖြူရောင် ဖီးယက်ကားတစီးက အတင်းမောင်းနှင်ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကားမောင်းသူဟာ ထွက်ပြေးသွားကြောင်း၊ မျက်မြင်သက်သေတွေအဆိုအရ ၎င်းမှာလက်နက်ပါရှိခြင်းမရှိကြောင်း၊ လက်ရှိတွင် အဆိုပါ ကားမောင်းသူကို ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မသင်္ကာဖွယ် လူ၂ဦးကို ဖမ်းဆီးထားကြောင်း၊ တဦးမှာ မော်ရိုကိုလူမျိုး တဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ကာတာလန်အရပ်မှာတော့ ယခုအကြမ်းဖက်ဖြစ်ရပ်နဲ့ ဆက်စပ်မှုရှိတဲ့ ဗင်ကားတစီးကို ဖမ်းဆီးထားပါ တယ်။

ယခုတိုက်ခိုက်မှုကို IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း AMAQ သတင်းထုတ်ပြန်ရေးက ပြောပါတယ်။

အလားတူ ဒုတိယတိုက်ခိုက်မှုတခုလည်း ဘာစီလိုနာနဲ့ ၆မိုင်ကွာဝေးတဲ့ အဗင်ဂူဒါ ဒီယာဂိုနယ် အရပ်က ရဲကင်းတခုမှာ ဖြစ်ပွားခဲ့ပြီး၊ ကားမောင်းသူကို ရဲက ပစ်သတ်လိုက်တယ်လို့ သိရပြီး၊ ပထမတိုက်ခိုက်မှုနဲ့ ဆက်စပ်မှုရှိမရှိ တော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အယ်ကိုင်းဒါး အစ္စလာမ် အကြမ်းဖက်အဖွဲ့က ဥရောပမြို့ကြီးတွေကို တိုက်ခိုက်ဖို့ ဆော်သြမှုတခု ထွက်ပေါ်လာခဲ့ပါသေးတယ်။

Loading