သတင်းတို

ကချင် လူမှုဖွံ့ဖြိုးရေးအသင်း လိုင်စင်မဲ့ကားများ တပ်မတော် တရားစွဲမည်ဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်း (Myu Sha Zin Lum) က စစ်ဘေး ရှောင် ဒုက္ခသည်များကို လှူဒါန်းမည့် ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်လာသည့် ကား ၈ စီး အနက် လိုင်စင်မဲ့ ဖြစ်နေသည့် ကား ၄ စီးကို တပ်မတော်က တရားစွဲဆိုမည်ဟုဆိုသဖြင့် အငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်း၏ ကား ၈ စီးနှင့်အတူ အသင်းဝင် ၃၁ ဦးကို သြဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်း မှစ၍ ဖားကန့်မြို့နယ် ကာမိုင်းမြို့အဝင်တွင် တပ်မတော်က ထွက်ခွာခွင့်မပြုဘဲ တားဆီးထားခြင်းပြီး ယနေ့တွင် လိုင်စင်မဲ့ ၄စီး စစ်ဆေးတွေ့ရှိသဖြင့် ကားဒရိုင်ဘာ ၄ဦးကို တရားစွဲမည်ဟုဆိုကာ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တပ်မတော်က တိုင်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

လူမှုဖွံ့ဖြိုးရေး အသင်း ဥက္ကဌ ဦးလမောင်လတောင်က “ တဖက်စောင်းနင်းနဲ့ ရဲနဲ့စစ်တပ်က ပေါင်းပြီး နှိပ်ကွပ်တဲ့ ပုံ ဖြစ်နေ တယ်။ ဖားကန့်မှာ စက်ယန္တရားတွေ ဖြတ်သွားနေတဲ့ အစီးရာချီကားတွေက လိုင်စင်မဲ့တွေပဲ။ အခု သူတို့အရာရှိစီးလာတဲ့ ကားတောင် လိုင်စင်မဲ့ပဲ။ ကျနော်တို့ကိုပဲ ကွက်တရားစွဲမယ်တဲ့။ အခုတော့ ဘယ် ပုဒ်မလို့ တိတိပပ မပြောသေးဘူး” ဟု ပြော သည်။

ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်းသည် ဖားကန့်မြို့အတွင်းရှိ ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်ပေါ် နေသည့် ဘေးထွက် ဆိုးကျိုးများကို ထောက်ပြပြောဆိုနေသည့် အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်သည်။

ဦးလမောင်လတောင်က “ကျနော်တို့ကို ဖမ်းလိုက်တဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးကို တန်ပြန်တရားစွဲမယ်။ သူတို့က ခွဲခြားပြီးတော့ ဆက်ဆံတယ်။ ပြည်ထောင်စု တိုင်းရင်းသား မပြိုကွဲရေးဥပဒေနဲ့ ဆက်နွယ်ပြီး ဆူပူမှုကို ဖြစ်ပွားစေတဲ့ ပုဒ်မ ၅၀၄ နဲ့ ကျနော် တို့က စွဲဖို့ အခုစီစဉ်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ အတွင်း ဒေသခံ အများစုသည် ဈေးသက်သက်သာသာဖြင့် လိုင်စင်မဲ့ကားများသာ ဝယ်စီးကြသည်။

၂၀၁၆ ခုနှစ်အတွင်း အစိုးရ ဌာနဆိုင်ရာများက လိုင်စင်မဲ့ကားများကို ကြပ်မတ်ဖမ်းဆီးရန် ပြောဆိုခဲ့သဖြင့် ဒေသခံများက အများ အပြား ဝေဖန်ခဲ့ကြသည်။

ကရင်ပြည်နယ်တွင် ကရင်နိုင်ငံရေးပါတီ ၅ခုက ပြည်သူလူထု မနစ်နာစေရန် လိုင်စင်မဲ့ကားများကို အခွန်ဆောင်ပြီး လိုင်စင်ဖြစ်အောင် ပြုလုပ်ပေးရန် ၂၀၁၆ ခုနှစ်က တောင်းဆိုထားသည်။

ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်းမှ နမ္မတီးမြို့ စစ်ရှောင်ဒုက္ခသည် စခန်းများသို့ လှူဒါန်းမည့် ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ပို့ဆောင်နိုင်ခြင်းမရှိသေးဟု သိရသည်။

Loading