၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲက လက်ကမ်းစာစောင်မှာ အင်ဒိုနီးရှားနိုင်ငံတော် အလံကို အပေါ်အောက် ပြောင်းပြန် မှားယွင်းစွာ ပုံနှိပ် ဖော်ပြမှုနှင့် ပတ်သက်၍ အင်ဒိုဟက်ကာတွေက မလေးရှားဝက်ဘ်ဆိုဒ် ၂၇ခု ကို တိုက်ခိုက်ခဲ့တယ်လို့ မလေးရှား The Star သတင်းက ဆိုပါတယ်။
ExtremeCrew လို့ အမည်ပေးထားတဲ့အဖွဲ့က “ငါတို့ နိုင်ငံတော်အလံဟာ ကစားစရာမဟုတ်ဘူး”လို့ စာတန်းတွေကို မလေးရှားဝက်ဘ်ဆိုဒ်တွေမှာ ရေးသားခဲ့တာ ဖြစ်ပြီး နောက်ခံမှာလည်း အင်ဒိုနီးရှား အမျိုးသားသီချင်းကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ဝေငှမယ့် လက်ကမ်စာစောင်တွေမှာ အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ဖော်ပြမှုကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက် လာရုံသာမက သမ္မတ ဂျိုကိုဝီကလည်း ဒီကိစ္စဟာ အင်ဒိုနီးရှားရဲ့ ဂုဏ်သိက္ခကို ထိပါးတာဖြစ်တယ်လို့ အရေးတယူလူသိရှင်ကြား ပြောဆိုမှုကြောင့် မလေးရှား လူငယ်နှင့် အားကစားဝန်ကြီးကိုယ်တိုင် တွေ့ဆုံကာ တောင်း ပန်ခဲ့ရပါတယ်။
အလားတူ အင်ဒိုနီးရှား အားကစားဝန်ကြီး အီမန်နာရာဝီကလည်း မှားယွင်းနေတဲ့ စာလုံးကို လူမှုကွန် ရက် Twitter မှာ တင်ကာ ရေးသားခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဓာတုဆရီ အန်နီဖတ် အာမန်က ဒီကိစ္စအတွက် တောင်းပန်ကြောင်း နောင်တရကြောင်း ဆိုပါတယ်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ အားကစားပွဲဟာ အဆင်မပြေ မှုများစွာကို ကြားသိနေရပြီး၊ မြန်မာနိုင်ငံမှ ရုပ်သံလွှင့်ခွင်နှင့် ပတ်သက်၍ မူလအစက အဆင်မပြေ မှုများ ကြုံခဲ့ရသလို၊ မလေးရှားအမျိုးသမီးအသင်းကို အနိုင်ယူခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီး အသင်း ဟိုတယ်သို့ ပြန်မည့် ကိစ္စတွင်လည်း အထစ်အငေါ့ဖြစ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် မလေးရှားနိုင်ငံရဲ့ ဆီးဂိမ်းအပေါ် တာဝန်ယူမှုများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ မေးခွန်းထုတ်များ ပြောစရာ ပိုမိုတိုးပွားခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – ဆီးဂိမ်းမှာ အင်ဒိုနီးရှားကို မလေးရှား တောင်းပန်