သတင်းတို

NLD ပြန်ကြားရေး အဖွဲ့တွင် ဦးဝင်းထိန် မပါတော့

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီသစ်ကို ပါတီဝင် ၁၁ ဦးဖြင့် ယနေ့ ဖွဲ့စည်း လိုက်ပြီး အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် မပါရှိတော့ကြောင်း သိရသည်။

“ကော်မတီတိုင်းမှာ စီးအီးစီ တယောက်က ဦးဆောင်ရမှာဆိုတဲ့ မူကြောင့် ကျနော် ဥက္ကဋ္ဌ လုပ်ပါတယ်။ နောက်မှာ ပါတီရဲ့ သတင်းအချက်အလက်တွေကို ဒီကော်မတီက ဦးဆောင် ထုတ်ပြန်ပါ့မယ်။ ဦးဝင်းထိန်က နဂိုကလည်း ပြန်ကြားရေးမှာ မပါပါဘူး။ သူ အခါအားလျော်စွာ ပြောဆိုနေတာတွေကတော့ ရှိပါတယ်။ NLD ပြန်ကြားရေးကတော့ ဒီအဖွဲ့က လုပ်မှာ ပါပဲ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ကော်မတီအသစ်တွင် ဦးဆောင်သူမှာ NLD ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူးမှာ ဒီလှိုင်းဂျာနယ် အယ်ဒီတာ မုံရွာ အောင်ရှင်နှင့် အဖွဲ့ဝင်များမှာ ဦးကျော်အေးနိုင်၊ ဦးကြည်တိုး၊ ဦးငြိမ်းသစ်၊ ဦးတင်လှ၊ ဦးနေဘုန်းလတ်၊ ဦးရဲမင်းဦး၊ ဦးလွင်ကိုလတ်၊ ဦးဝေဖြိုးဟန်(အင်းစိန်)နှင့် ဦးသန့်ဇင်ထွန်းတို့ ဖြစ်ကြသည်။

အသက် ၇၅ နှစ် အရွယ်ရှိ ဦးဝင်းထိန်သည် လွန်ခဲ့သောလ အနည်းငယ်အတွင်း ၎င်း၏ ထူးခြားသော ပြဿနာများမှာ တပ်မတော်၊ မီဒီယာများနှင့် အချေအတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းထိန်သည် ယခင်က NLD ပါတီ၏ ပြောခွင့်ရှိသူ တဦးဖြစ်ပြီး သမ္မတ ဦးထင်ကျော် နုတ်ထွက်မည်ဆိုသည့် ကောလာ ဟလများ လူမှုကွန်ရက်ပေါ် ပျံ့နှံသည့်ကိစ္စတွင် “ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကပဲ ဖြန့်လား။ တပ်မတော်ကပဲဖြန့်လား။ ကျနော်တို့ကိုမုန်းတဲ့ အိုင်တီသမားတွေကပဲဖြန့်လားမသိဘူး”ဟု မဆင်မခြင် စကားကျွံမှုများကြောင့် တပ်မတော်၏ အပြင်းအထန် ရှုတ်ချခြင်းကို ခံခဲ့ရသည်။

ထို့အပြင် မီဒီယာများနှင့် အချေအတင်ဖြစ်ကာ မီဒီယာသမားများကိုလည်း ကျီးကန်းများဟု ခေါ်ဆိုခဲ့သည်။

တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ်တွင် NLD သို့ဝင်ရောက်ပြီးနောက် ထောင်ထဲတွင် နှစ်အတန်ကြာနေခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံကာ NLD ၏ အဓိက ခေါင်းဆောင်တဦးလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading