သတင်းတို

ဧရာဝတီမြစ်ရေ ၂ရက်အတွင်း ပြန်ကျနိုင်ဖွယ်ရှိ

မန္တလေးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေသည့် ဧရာဝတီမြစ်ရေသည် လာမည့် နှစ်ရက်အတွင်း ပြန်ကျသွား နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်အောင်က ပြောသည်။

“ ဒီလဆန်းပိုင်းက အထက်ဘက်မှာ မိုးကောင်းတာရယ်၊ ဧရာဝတီမြစ်တလျှောက် ရေကြောင်းကို ထိန်းပေးနိုင်မယ့် သစ်ပင်တွေ နည်းလာတာကြောင့် ဒီနှစ်လည်း စိုးရိမ်ရေမှတ်အထက်ကို မြစ်ရေတက်လာတာပါ။ ၂ နှစ်ဆက်တိုက် ခုလို ဖြစ်တာကတော့ ရှားတယ်။ ထူးခြားတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ပြောသည်။

သြဂုတ် ၂၁ ရက် နေ့လယ် တိုင်းတာချက်အရ မန္တလေးမြို့အတွက် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် မြင့်တက်နေကြောင်း မိုး/ဇလဌာန (အထက်မြန်မာပြည်)မှ သိရသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ မြို့များအနက် သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူနှင့် ညောင်ဦးမြို့များသည် သြဂုတ် ၂၀ ရက်မှ စတင်ကာ မြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေကြောင်း သိရသည်။

Loading