သတင်းတို

H1N1 သတင်းများကို ၃ ရက်တကြိမ်သာ ထုတ်ပြန်တော့မည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက H1N1 (ရာသီတုပ်ကွေး) သတင်းများကို ယခင်ရက်များကဲ့သို့ နေ့စဉ် ထုတ်ပြန်တော့မည် မဟုတ်ဘဲ ၃ ရက် တကြိမ်သာ ထုတ်ပြန်တော့မည် ဖြစ်ကြောင်း သိရသည်။

“နေ့တိုင်း မထုတ်တော့ဘူး သတင်းကို ၃ ရက်လောက်နေမှ တခါထုတ်တော့မယ်။ ထုတ်မယ့် အချိန်ကတော့ အရင်လို ၄ နာရီ နောက်ပိုင်းပဲ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီကို ပြောသည်။

H1N1 သတင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၂ နာရီအထိ စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၇၉၇ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) Positive လူနာ ၂၉၇ ဦး နှင့် သေဆုံးသူ ၃၀ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

Loading