နိုင်ငံအလံကို ပြောင်းပြန်ပုံနိုပ်သည့် မလေးရှား၏ လုပ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ဒေါသတကြီး ဆန့် ကျင်မှုများ တိုးပွားလာရာ မနေ့က မလေးရှားအလံများကို တန်ပြန်မီးရှို့မှုများဖြစ်လာသည့်အတွက် စိတ်လိုက်မာန်ပါ မတုံ့ပြန်ဖို့ အင်ဒိုနီးရှား အစိုးရက ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပတဲ့ ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) မှာ ဝေငှမည့် လက်ကမ်းစာစောင်များတွင် အင်ဒိုနီးရှားနိုင်ငံတော် အလံကို အထက်အောက် မှားယွင်းကာ ပြောင်းပြန် ပုံနိုပ်ထားခြင်းဖြစ်ပါတယ်။
မနေ့ကတော့ နိုင်ငံတဝှမ်းရှိ မြို့ကြီးတော်တော်များများမှာ ဒေါသထွက်နေတဲ့ လူများက မလေးရှား အလံများကို မီးရှို့ကာ တန်ပြန်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သလို ဆူမာတြားကျွန်း မီဒန်မြို့ရှိ မလေးရှား ကောင်စစ်ဝန်ရုံးရှေ့မှာလည်း လူ ၂၀၀ခန့်က ဆန္ဒပြခဲ့ပါတယ်။
မလေးရှား အားကစားကော်မတီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတကိုယ်တိုင် ဝေဖန်ပြော ဆိုခဲ့သလို၊ မလေးရှားဘက်ကလည်း မှားယွင်းစွာ ပုံနိုပ်ခဲ့မှုနှင့် ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။
ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားဟက်ကာများက မလေးရှား ဝက်ဘ်ဆိုဒ် ၃၀ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမယ့် ပိုမိုဆိုးရွားလာစေတဲ့ အချက်တချက်ကတော့ အိမ်ရှင် မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့ ပိုက် ကျော်ခြင်း ပြိုင်ပွဲမှာ ဒိုင်လူကြီးက အိမ်ရှင်အသင်းကို ဘက်လိုက်သည့်အတွက်ဆိုကာ အင်ဒိုနီးရှား ပိုက်ကျော်ခြင်းအဖွဲ့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ်လက်ထက် မလေးရှားက အိမ်ရှင်အဖြစ်တာဝန်ယူခဲ့ရတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဟာ ဘက်လိုက်မှုများနဲ့ အစီအစဉ် ညံဖျင်းမှုများရှိခဲ့ပါတယ်။
မြန်မာ- မလေးရှား အမျိုးသားလက်ရွေးစင် ဘောလုံးပွဲ အပြီးမှာ မြန်မာတချို့ တိုက်ခိုက်ခံခဲ့ရသလို၊ မြန်မာအမျိုးသမီးအသင်းနဲ့ မလေးရှား အမျိုးသမီး အသင်း ဘောလုံးပွဲအပြီးမှာ သယ်ယူပို့ဆောင်ရေး အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲပါတယ်။
ဒါအပြင် ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာအားကစားများလိုက်ပါလာတဲ့ ကား မတော်တဆဖြစ်ပေါ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် –
အင်ဒိုနီးရှားဟက်ကာအဖွဲ့ မလေးရှားဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်
ဆီးဂိမ်းမှာ အင်ဒိုနီးရှားကို မလေးရှား တောင်းပန်