အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ – NLD ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသမီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်သော ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့ကို သြဂုတ် ၂၁ ရက်မှ စတင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါက်တာဒေါ်မေဝင်းမြင့်၊ အဖွဲ့ဝင်များအဖြစ် ဒေါ်ဇင်မာအောင်၊ ဒေါ်သက်ထားနွယ်ဝင်း၊ ဒေါ်ခင်ခင်ဖြူ၊ ဒေါက်တာဒေါ်ရွှေပုံ စသည့် အမျိုးသမီးများ ပါဝင်လာသည်။
ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဖြစ်သော်လည်း မည်သည့်ကဏ္ဍများကို အဓိကထား၍ ဆောင်ရွက်မည်နှင့် ပတ်သက်၍ အသေးစိတ်အစီအစဉ်၊ အချက်အလက်များကိုမူ အစည်းအဝေး မပြုလုပ်ရသေးသဖြင့် မသိရှိရသေးကြောင်း အဖွဲ့ဝင်တချို့ထံက သိရသည်။
NLD သည် ပါတီလုပ်ငန်းကော်မတီများကို ပြန်လည်ဖွဲ့စည်းနေရာ ဗဟိုပြန်ကြားရေးကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်ပြီး ပါတီ၏ နာယက ဦးဉာဏ်ဝင်း က ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည်ဖြစ်သည်။