တောဆင်ရိုင်းများ မကြာခဏ သတ်ဖြတ်ခြင်း ခံနေရသည့် ငပုတောမြို့နယ်ရှိ သစ်တော ကြိုးဝိုင်းများအတွင်း ဆင်မုဆိုး ရှာဖွေဖမ်းဆီးရေး အဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်း အရေးပေါ်ကွန်ဂျီ ဆင်မောင်းအဖွဲ့တို့ ပူးပေါင်းပြီး ကွန်ဂျီဆင်များဖြင့် သြဂုတ် ၂၁ ရက်နေ့မှ စ၍ ကင်းလှည့်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
သစ်တောကြိုးဝိုင်းများအတွင်း တောဆင်ရိုင်းများ တွေ့ရှိပါက ဆင်သတ်မုဆိုးတို့၏ သတ်ဖြတ်ခြင်း ဘေးမှ ကင်းဝေးစေရန်နှင့် လူတို့စိုက်ပျိုးထားသော သီးနှံများ ဖျက်ဆီးခြင်း မရှိစေရန် ကွန်ဂျီဆင်များဖြင့် ဘေးလွတ်ရာသို့ မောင်းနှင်ပေးရန် ရည်ရွယ်ချက်နှင့် ဆင်သတ်မုဆိုးများ ရှာဖွေဖမ်းဆီးရန် ရည်ရွယ်ချက်တို့ဖြင့် ကင်းလှည့်နေခြင်း ဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ပုသိမ် ငပုတောနှင့် သာပေါင်းမြို့နယ်ရှိ သစ်တောကြိုးဝိုင်းများ အတွင်းမှ တောဆင်ရိုင်း ၁၀ ကောင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။