ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ်ဟာ နောက်ဆုံး စီရင်ချက် ချမှတ်မယ့် ယနေ့နံနက် ၉နာရီမှာ တရားရုံးချုပ်ကို လာရောက်ခြင်းမရှိသည့်အတွက် ဖမ်းဝရမ်းထုတ်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ကျန်းမာရေးကိုအကြောင်းပြချက်ဖြင့် လာရောက်ခြင်းမရှိသည်ကို တရားရုံးက ပယ်ချလိုက်ပြီး၊ သူမ တင်သွင်းထားတဲ့ ဘတ် သန်း၃၀တန် အာမခံငွေကိုလည်း သိမ်းဆည်းဖို့ အမိန့်ထုတ်တယ်လို့လည်း Bangkok Post သတင်းမှာဆိုပါတယ်။
ယင့်လပ်ကို ထောက်ခံသူတွေဟာ တရားရုံးချုပ် အနီးတဝိုက်မှာ ရောက်ရှိနေပြီး၊ သတင်းယူနေကြတဲ့ သတင်းထောက်တွေကတော့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို တရားရုံး ပရဝုဏ်မှာ တွေ့မြင်ရခြင်း မရှိဘူး ဆိုပါတယ်။
မနေ့ကတော့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်က သူမထောက်ခံသူတွေကို အိမ်မှာပဲနေပြီး တရားရုံးကို မလာဖို့ တိုက်တွန်းထားပါတယ်။
သတင်းထောက်တချို့ရဲ့ ပြောဆိုချက်အရတော့ သူမကို မနေ့က Wat Rakhang Kositaram ဘုန်းတော်ကြီးကျောင်းမှာ နောက်ဆုံးမြင်တွေ့တယ်လို့ သိရပါတယ်။
အလားတူ The Nation သတင်းမှာလည်း သူတို့ရဲ့ သတင်းထောက်တွေဟာ နံနက် ၆နာရီကတည်း တရားရုံးရှေ့မှာ စောင့်ဆိုင်းနေတာဖြစ်ပြီး၊ ချိန်းဆိုထားတဲ့ ၉နာရီတိုင် သူမကို မြင်တွေ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အမှု မနက်ဖြန် စီရင်ချက်ချမည်