သတင်းတို

ယင့်လပ် ထွက်ပြေးသွားပြီဟု ထိုင်းကာကွယ်ရေးဝန်ကြီးအတည်ပြု

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်ဟာ တရားရင်ဆိုင်ခြင်းမရှိပဲ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ် ကြောင်း ဒုဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

The Nation သတင်းရဲ့ ဖော်ပြချက်အရ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ဟာ အိမ်နီးချင်းတိုင်းပြည်များမှ တဆင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရပါတယ်။

“ယင့်လပ် အခုဘယ်တိုင်းပြည်မှာ ရှိသလဲဆိုတာတော့ ကျနော်တို့အတိအကျမသိဘူး”လို့လည်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်က ဆိုပါတယ်။

ယမန်နေ့က ထွက်ပေါ်လာသည့် သတင်းများနှင့် ဓာတ်ပုံများအရ စင်ကာပူတွင် ရောက်ရှိနေတယ်လို့ သတင်း များထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

သို့သော် ယင့်လပ်သည် ကမ္ဘောဒီးယားမှ တဆင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ဒူဘိုင်းသို့ ရောက်ရှိနေသည်ဆို သော တွေးဆချက်များထွက်ပေါ်နေသည်။

လုံခြုံရေးသတင်းရင်းမြစ်တခု အဆိုအရ ယင့်လပ်ဟာ ပင်လယ်ကမ်းခြေပိုင်းရှိ Trat ပြည်နယ် ကော့ချန်ခရိုင် ကို သွားရောက်ကာ ထိုမှတဆင့် ရဟတ်ယာဉ်ဖြင့် ကမ္ဘောဒီးယား ဖနွမ်းပင်ကို ပြေးကြောင်း၊ ထိုမှ လေယာဉ်စင်းလုံးငှားကာ စင်ကာပူသို့ သွားရောက်ကြောင်း၊ ထိုသို့ ထွက်ပြေးနိုင် ရန် အဆင့်မြင့်အာဏာပိုင်တချို့က ကူညီခဲ့ခြင်းဖြစ်ကြောင်းဆိုပါတယ်။

ထိုင်းတရားရုံးချုပ်ကတော့ တရားလာရောက်ရင်ဆိုင်ခြင်းမပြုတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ကို ဖမ်းဝရမ်းထုတ်ကာ၊ လာမည့် စက်တင်ဘာ ၂၇ရက်နေ့မှာ အာမခံတင်ထားတဲ့ငွေ ဘတ်သန်း ၃၀ကို သိမ်းယူဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ဟာ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အတွက် အာဏာလက်လွှတ်ရပြီးနောက်မှာ သူမ၏ လက်ထက် ဆန်စပါးဝယ်ယူရေးမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ဘတ် ဘီလျံ ၅၀၀ ဆုံးရှုံးမှုဖြင့် တရားစွဲဆိုခဲ့ပါတယ်။

ထို့အတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်နှင့် လျော်ကြေးငွေ ၃၅ ဘီလျံပေးလျော်ရမှာဖြစ်ပါတယ်။

ယင့်လပ်ထွက်ပြေးတဲ့ သတင်းသာ မှန်လျှင်အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကဲ့သို့ ပင် မောင်နှမ ၂ဦးလုံး ပြည်ပြေးဘဝဖြင့်သာ ရပ်တည်ရတော့မှာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် –

ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အမှု မနက်ဖြန် စီရင်ချက်ချမည်

ဝန်ကြီးချုပ်ဟောင်း ယင့်လပ် တရားခွင် လာရောက်ခြင်းမရှိ ဖမ်းဝရမ်းထုတ်

Loading