သတင်းတို

ရခိုင်ပြည်နယ်တိုက်ခိုက်မှု ကိုဖီအာနန်ရှုတ်ချ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟေင်းကိုဖီအာနန်က ကြာသာပတေးနေ့ ညက စတင်ခဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှတိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌအနေနဲ့ မကြာသေးမီ ကဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေကို လွန်စွာစိုးရိမ်ပြီး ပြင်းထန်စွာရှုတ်ချပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအသက်ဆုံးရှုံးရတဲ့သတင်းကိုကြားရလို့လည်း ဝမ်းနည်းမိပါတယ်” ဟုကိုဖီအာနန်ကပြောသည်။

မောင်တော၊ဘူးသီးတောင်နှင့်ရသေ့တောင်မြို့နယ်များမှ နယ်စပ်ကင်းစခန်းများ၊ ရဲစခန်းများနှင့်စစ်တပ်စခန်းများ စုစုပေါင်း ၂၄ ခုကို ဘင်္ဂလီ မွတ်စလင် စစ်သွေးကြွများက ကြာသပတေးနေ့ညနှင့် သောကြာနေ့နံနက်တို့တွင် တိုက်ခိုက်ကြရာ ရဲအနည်းဆုံး ၁၀ ဦးနှင့် စစ်သားတဦးသေဆုံးသည်ဟု ောကြာနေ့ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေ့စ်ဘွတ်တွင်ဖေါ်ပြထားသည်။

လူမျိုးဘာသာကွဲပြားနေသည့် ရခိုင်ပြည်နယ် အတွက်ရေရှည်ဖြေရှင်းနိုင်ရေးအကြံပေးရန် တာဝန်ပေးထားသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းကိုဖီအာနန်ဦးဆောင်သော တနှစ်သက်တမ်းရှိ အကြံပေးကော်မရှင် လုပ်ငန်းတာဝန်ပြီးဆုံးပြီး တရက်အကြာတွင် ထိုသို့ တိုက်ခိုက်မှုများဖြစ်ပေါ်လာသည်။

ထိုကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် လူအခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအတွက် မြန်မာ့တပ်မတော် တွင်တာဝန်ရှိကြောင်း ဖေါ်ပြရန်အကြံပြုသည်။

“ကြားသိရသည့် ထိုတိုက်ခိုက်မှုများ၏ အတိုင်းအတာနှင့်ပြင်းထန်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုများ စိုးရိမ်စရာ ကောင်း လောက်အောင်မြင့်မားလာကြောင်းဖေါ်ပြနေသည်။ ရက်စက်ကြမ်းကြုတ်မှုနှင့်အကြမ်းဖက်သတ်ဖြတ်ခြင်းသည် မည်သည့် အခါမျှ မမှန်ကန်ပါ။ ကျုးလွန်သူများကိုအရေးယူသင့်သည်။ အခြေအနေကိုထိန်းသိမ်းရာတွင် လုံခြုံရေးတပ်ဖွဲ့များ အနေ ဖြင့် ထိန်းထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် အရေးအကြီးဆုံးမှာ အပြစ်မဲ့အရပ်သားများ ကိုမထိခိုက်အောင် ဆောင်ရွက်ရန် တိုက်တွန်းသည်ကြောင်း ကိုဖီအာနန်၏ ကြေညာချက်တွင်ဖေါ်ပြထားသည်။

“အသိုင်းအဝန်းနှင့် အုပ်စုအားလုံးအနေဖြင့် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ရန် အပြင်းအထန်တိုက်တွန်းသည်။ မတည်ငြိမ်မှု၊ မလုံခြုံမှုနှစ်ပေါင်းများစွာကိုကြုံတွေ့ရပြီးနောက် အကြမ်းဖက်ခြင်းသည် ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ အတွက် အဖြေမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိမြင်သင့်သည်” ဟုလည်း ထိုစာတွင်ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Renata Lok-Dessallien ကလည်း ထိုတိုက်ခိုက်မှုများကို ရှုတ်ချကြောင်းသောကြာနေ့က ကြေညာချက်ထုတ်သည်။

“ဘက်အသီးသီးအနေဖြင့် အကြမ်းဖက်ခြင်းကိုရှောင်ရှားရန်၊ အရပ်သားများကိုကာကွယ်ရန်နှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ထိန်းသိမ်းရန်နှင့် တွေ့ဆုံဆွေးနွေးငြိမ်းချမ်းသောနည်းလမ်းများဖြင့်ပြဿနာကိုဖြေရှင်းရန်တိုက်တွန်းသည်။

ထိုသို့ ဆိုးရွားသောဖြစ်ရပ်များသည် အသိုင်းအဝန်းအားလုံး အခြေအနေတိုးတက်ကောင်းမွန်ရေးအတွက် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရန် မြန်မာအစိုးရ၏ ကတိကဝတ်သည် အရေးပါကြောင်းပြသနေသည်”ဟုထိုကြေညာချက်တွင်ဖေါ်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading