ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် နယ်များရှိ ရဲစခန်းများနှင့် ရဲကင်းများ တိုက်ခိုက်ခံရပြီးနောက် လုပ်ဆောင်ခဲ့သည့် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ပြီးရာ ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ထို့အတွက် အကြမ်းဖက်အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာ ရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ မပြုလုပ်ရန်နှင့် ပြည်တွင်း၌ ထိုသို့အကြမ်းဖက်အားပေး လုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ နှင့်အညီ အရေးယူသွားမည် ဖြစ်ပြီး ပြည်ပမှ လုပ်ဆောင်ချက်များ တွေ့ရှိရပါက နိုင်ငံတကာ ရဲတပ်ဖွဲ့သို့ အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြာင်း အသိပေးစာကို ယနေ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးက ထုတ်ပြန်သည်။
စာပါအချက်များမှာ
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီး ဖြစ်သည်။
၂။ သြဂုတ်လ ၂၆ ရက်နေ့၌ တောင်ဘဇာကျေးရွာကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိသည်။ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မေယုတောင်ပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်း စခန်းချရာ တဲများတွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့် ဘီစကစ်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။
၃။ ထို့အပြင် သတင်းမီဒီယာအချို့တွင် အကြမ်းဖက်အုပ်စုအဖြစ် တရားဝင် ကြေညာထားသော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများကို အကြမ်းဖက်သမား ဟု ရေးသားဖော်ပြခြင်း မပြုဘဲ အခြားဝေါဟာရများ (ဥပမာ Insurgents) ဖြင့် အမျိုးမျိုး ရေးသားဖော်ပြနေကြသည်ကိုလည်း တွေ့ရှိရသည်။
၄။ ယခုအခါတွင် မောင်တောဒေသရှိ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများအား ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
၅။ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သော ပြည်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှုများ၊ ဆက်သွယ်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အားပေးကူညီမှုများကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာ အစိုးရများထံသို့ အသိပေးအကြောင်းကြားနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိသည်။
၆။ အကြမ်းဖက်တိုက်ဖျက်ရေးသည် ကမ္ဘာ့မိသားစုဝင်ပြည်သူများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ စသည်တို့အားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည့်အတွက် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်၍ ဆန့်ကျင်တိုက်ဖျက်သွားရန် အထူးပဲ အရေးကြီးသည်။
၇၊ သို့ပါ၍ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာ ရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ မပြုလုပ်ရန်နှင့် ပြည်တွင်း၌ ထိုသို့အကြမ်းဖက်အားပေး လုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ပြီးူ ပြည်ပမှ လုပ်ဆောင်ချက်များ တွေ့ရှိရပါက နိုင်ငံတကာရဲတပ်ဖွဲ့သို့ အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြာင်း အသိပေးအပ်ပါသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)