ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သြဂုတ်လ ၂၇ ရက်နေ့အထိ ထုတ်ပြန်ခဲ့သည့် စာရင်းအရ ရာသီတုပ်ကွေး (H1N1) ကြောင့် သေဆုံးသူ ၃၅ ဦး ရှိပြီ ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၉၂၇ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၃၄၃ ဦး နှင့် သေဆုံးသူ ၃၅ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့ အထိ သေဆုံးသူ ၃၃ ဦးအထိ ရှိခဲ့ပြီး ၄ ရက်အကြာတွင် သေဆုံးသူ ၂ ဦး ထပ်တိုးလာခြင်း ဖြစ် သည်။
“တယောက်က မန္တလေးတိုင်းနဲ့ တယောက်က ပဲခူးကပါ။ သူတို့ရဲ့ မြို့နယ်ဆေးရုံ အထွေထွေ ဆေးရုံမှာပဲ ဆုံးတာပါ။ ကျနော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးမယ် အွန်လိုင်းပေါ်မှာ တင်ပေးမှာပါ။ ရက်အတိအကျ ထုတ်မယ်တော့ မသတ်မှတ်ထားပါဘူး လိုအပ်ရင် လိုအပ်သလို ၊ အရေးကြီးရင် ကြီးသလို ထုတ်ပြန်ပေး မှာပါ” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံး အတိုင်းအတာအရ H1N1 ပိုးတွေ့လူနာအဖြစ် ဆေးရုံတက်ရောက် ကုသသူ ဦးရေသည် သိသာစွာ ကျဆင်း လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။