ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မနေ့က ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တံခါးပိတ်အစည်းအဝေး ဆွေးနွေးခဲ့သော်လည်း ကြေညာချက် တစုံတရာထုတ်ပြန် နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ရခိုင်အရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏ တံခါးပိတ် အစည်း အဝေး ခေါ်ယူရန် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင် ခရော့ဖ် ခေါ်ယူရန် အဆိုပြုခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းအစည်း အဝေးမှ အကြမ်းဖက်မှုကို ရှုံချကြောင်း၊ ပါဝင်ပတ်သက်သူများအနေဖြင့် ပဋိပက္ခကို လျော့ကျသွားအောင် ဆောင်ရွက်ဖို့လိုတာကို ဆွေးနွေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းက ဘင်္ဂလီအကြမ်းဖက်သမားများက ရခိုင်မြောက်ပိုင်းက ရဲစခန်းတွေနဲ့ ရဲကင်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ပြီးနောက် မောင်တောအပါအဝင် တချို့ဒေသများရှိ ဒေသခံ ရခိုင်တိုင်းရင်းသားရွာများကို လူစုလူဝေးဖြင့် မီးရှို့ဖျက်ဆီးကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
ထိုသတ်ဖြတ်မှုကြောင့် အစိုးရဝန်ထမ်းနှင့် လုံခြုံရေးတပ်ဖွဲ့ ၁၁ဦးသေဆုံးကာ အကြမ်းဖက်သမား ၇၇ ဦးသေဆုံး ကာ၊ ယခုတိုင် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ကာ ချောင်းမြောင်း သတ်ဖြတ်မှုများ ဆက်လက် ပြုလုပ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အဆိုအရသိရပါတယ်။
အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ရခိုင်နှင့် မွတ်ဆလင် ရာပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဒါအပြင် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင် ခရော့ဖ်က အစည်းအဝေးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန် တင်သွင်းတဲ့ အစီရင်ခံစာပါ အကြံပြုချက်များကို ဆွေးနွေး ကြောင်း၊လက်ခံအကောင်အထည်ဖော်ဖို့နဲ့ ရေရှည်အတွက် အဖြေရှာသင့်တယ်လိုလည်း ပြောဆိုခဲ့သလို၊ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဆက်လက် ထောက်ခံကြောင်း သတင်းထောက်များကို ပြောဆိုတယ်လို့ သိရပါတယ်။
အကြမ်းဖက်သမားများကို ပူးတွဲတိုက်ခိုက်ဖို့လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို မကြာသေးမီက ကမ်းလှမ်းခဲ့ပါတယ်။