လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်များ ဖြစ်သည့် ဥပဒေပြုရေးကိစ္စများ ဆောင်ရွက်ရာမှ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ် မပေးနိုင်သော ဥပဒေများ ဖြစ်နေပါက တိုင်းပြည်၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ထိခိုက်စေနိုင်သဖြင့် အထူးသတိပြုရန် လိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး မရပ်နားမီ ၎င်းက နှုတ်ခွန်းဆက်စကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“တင်းကျပ်တဲ့ ဥပဒေတွေဟာ ပြင်းထန်တဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဥပဒေအရ အုပ်ချုပ်ရေးပုံစံများကို ဦးတည်သွားစေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကို ရှောင်ရှားပြီး ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ အခြေခံ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်မှသာ လူထုအကျိုးပြု ဥပဒေတွေအဖြစ် ပြည်သူက အားကိုးရမှာ ဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်သည့် Public Democratic Participation ဖော်ဆောင်ရေးကို ဝိုင်းဝန်း ကူညီပေးကြရန်၊ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်နေသူများ အနေဖြင့် ပြည်သူလူထုကိုလည်း ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို လေးစား လိုက်နာ ကြစေရန် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ၎င်းက ပြောသည်။
ဆက်လက်ပြီး “ ဒီမိုကရေစီကို တနည်းနည်းနဲ့ နှောင့်ယှက် ဖျက်ဆီးလိုသူများကိုလည်း မျက်ခြည်မပြတ် သတိပြု ကာ ကွယ်ပေးကြပါ။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှ သွေဖည်သွားနိုင်အောင် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး ပျက်ပြားစေနိုင်တဲ့ အကြမ်းဖက်မှု အန္တရာယ်များကိုလည်း သတိတရား လက်ကိုင်ထား၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတားဆီး ဖယ်ရှားပေးကြပါ”ဟု ပြောသည်။
ထို့ပြင် အစည်းအဝေး ရပ်နားထားစဉ် ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံသည့် အခါ ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ပြုမူဆောင်ရွက်ကြရမည် ဖြစ်သလို ပြည်သူလူထုက ယုံကြည် အား ကိုး လေးစား တန်ဖိုးထားရသူများအဖြစ် ပြုမူပြောဆို ဆက်ဆံနေထိုင်သွားကြရန် အထူးမှာကြားလိုကြောင်း ၎င်းက ပြော သည်။
ယခုအကြိမ် လွှတ်တော် ကျင်းပသည့် ၅၃ ရက်အတွင်း ကြယ်ပွင့်ပြ မေးခွန်း ၃၁၀၊ ကြယ်ပွင့်မရ မေးခွန်း ၇၂၉ ခု ဖြေကြား ပေးခဲ့ပြီး အရေးကြီးအဆို ၂ ခု အပါအဝင် အဆို ၂၃ ခု တင်သွင်းနိုင်ခဲ့ကာ အတည်ပြုအဆို ၁၁ ခု၊ မှတ်တမ်းတင် အဆို ၁၂ခု ၊ ဥပဒေကြမ်း ၃၃ ခုရှိပြီး ၁၆ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့် ဥပဒေကြမ်း ၁၇ ခုရှိကြောင်း သိရသည်။