ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ပြောဆိုမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီး ချုပ် ပရာယွဒ်ချန်အိုချာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်ကြောင်း The Nation သတင်းကဆိုပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နေ့က ထိုင်းနိုင်ငံ ခွန်းခမ်းမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် ထိုင်း- မြန်မာ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံ သည့်အစည်းအဝေးသို့ တက်ရာက်ပြီးနောက် ဘန်ကောက်မြို့သို့ သွားရောက်ကာ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကိုနှင့် ဒုဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်တို့အား သီးခြားစီ မနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ခံရမှု အခြေအနေနှင့် တခြားသော နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်က ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အဲဒီဒေသက မွတ် ဆလင်တွေဟာ လှေတွေကို ထိုင်းနိုင်ငံ လာရောက်ကောင်း လာရောက်နိုင်ပေမယ့်၊ အားလုံး ထိန်းချုပ် ထားနိုင်တဲ့အတွက် ရှုတ်ထွေးလာဖို့ မရှိဘူးလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲများဖြစ်ပြီး နောက်ရက်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ လုံခြုံရေး တင်းကျပ်ပြီး၊ မဲဆောက် မွတ်ဆလင်အသိုင်းအဝန်းများအတွင်း ရှာဖွေ စစ်ဆေးမှုများ ထိုင်းလုံခြုံရေး တပ်ဖွဲ့များ ပြုလုပ်နေတယ်လို့ VOA သတင်းကလည်း ဆိုပါတယ်။
ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာကတော့ မြန်မာခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ် တိုးတက်ရေး လုပ်ဆောင်နေပေမယ့် ရှုတ်ထွေးနေတဲ့ ပြဿနာကို အချိန်ယူဖြေရှင်းသင့်တယ်လို့ တိုက်တွန်းပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်က ပြဿနာတွေအတွက် အချိန်ယူဖြေရှင်းရမှာ ဖြစ်ပြီး၊ ယုံကြည်မှုတည်ဆောက်ပြီး ဖြေရှင်းရမယ်လို့ ပြောကြောင်း ထိုင်းအစိုးရ လက်ထောက် ပြောခွင့်ရ Athisit Chaiyanuwat ကဆိုပါတယ်။
ဒါအပြင် မြန်မာတပ်မတော်ခေါင်းဆောင်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ် သမားတွေနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ကောင်းမွန်စွာ စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း၊ နှစ်ဘက်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ဖြစ် ကြောင်း လည်း ပြောဆိုတယ်လို့ သိရပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက နှစ်နိုင်ငံ တပ်မတော်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည့်အတွက် ဝမ်းသာကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုကို ယခုထက် ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု၊ တရားမဝင် လက်နက် ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးရောင်း ဝယ်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရခိုင်ဒေသတွင်ဖြစ်ပေါ် နေသော ဆုံးရှုံးမှုများအတွက် များစွာဝမ်းနည်းကြောင်း ပြောကြားသည်ဟု သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးမင်းအောင်လှိုင်ဟာ ယခုထိုင်းခရီးစဉ်မှာလည်း ထိုင်းဘုရင့်၏ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်တင် ဆူလာနွန်ဒါနှင့်လည်း သွားရောက်တွေ့ဆုံ့ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်နေမှုများ၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်မှုတားဆီး နှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ် အကောင်အထည် ဖေါ်ဆောင်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။