တက္ကသိုလ်ကျောင်းသားများ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်ခဲ့သည့် ပုသိမ်တက္ကသိုလ် ဆိုင်ကယ် ရပ်နားရန်နေရာနှင့် ကျောင်းစားသောက်ဆိုင် များအား အမြန်ဆုံး တည်ဆောက်ပေးရန် ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက တိုင်းလွှတ်တော်တွင် ယမန်နေ့က တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်တက္ကသိုလ်တွင် ဆိုင်ကယ်ရပ်နားရန် နေရာ မလုံလောက်ခြင်း၊ ဆိုင်ကယ်များ လုံခြုံမှု မရှိခြင်း၊ ကျောင်းစားသောက်ဆိုင်မှာ စာသင်ခန်းများနှင့် အလှမ်းဝေးလွန်းခြင်း များကြောင့် အခက်အခဲများ ဖြစ်ပေါ် နေသည့်အတွက် ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်၍ သြဂုတ်လ ၂၂ ရက်နေ့က ကျောင်းဝန်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြသဖြင့် ကျောင်းစားသောက်ဆိုင်များနှင့် ဆိုင်ကယ်ရပ်နားရန်နေရာများ အမြန်ဆုံး တည်ဆောက်ပေးရန် လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
“တက္ကသိုလ်ပရဝုဏ်ထဲမှာထားတဲ့ ဆိုင်ကယ်တွေမှာ အနည်းဆုံးတော့ ဆိုင်ကယ်ဦးထုပ်ပျောက်ဆုံးခြင်းတွေ ဖြစ်ပေါ်နေပါတယ်။ မိုးရာသီမှာ တက္ကသိုလ်အနီးမှာရှိတဲ့ ကန်သုံးဆင့် ရေကန်အတွင်းက ရေလျှံတက်ခြင်းနဲ့ အမိုး အကာ မရှိတာကြောင့် ကျောင်းသားတွေရဲ့ ဆိုင်ကယ်တွေ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျောင်းသားများ အနေနဲ့ ဆိုင်ကယ်တွေ လုံခြုံစိတ်ချစွာ ရပ်နားပြီး အေးချမ်းစွာပညာသင်ကြားနိုင်ဖို့အတွက် ဆိုင်ကယ်ရပ်နားစခန်းများ တည်ဆောက်ပေးရန် လိုအပ်နေပါတယ်”ဟု ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်အမတ် ဒေါက်တာ စိုးဝင်းက လွှတ်တော်တွင် တင်ပြခဲ့သည်။
ပုသိမ်တက္ကသိုလ်အတွင်း စားသောက်ဆိုင်ခန်းများ နေရာပြောင်းရွေ့အသစ် တည်ဆောက်ခြင်းလုပ်ငန်းကို RC ၁၆ ပေ ၃၆ ပေ ၁၀ ခန်းအတွက် ငွေကျပ် ၈၆၄ သိန်းကို ပညာရေးဝန်ကြီးဌာနသို့ တောင်းခံထားပြီး ငွေလုံးငွေရင်း အသုံးစရိတ်ချထားပေးပါက နေရာပြောင်းရွေ့အသစ်တည်ဆောက်သွားမည်ဟု သိရသည်။
ထို့အပြင် ဆိုင်ကယ်ရပ်နားရန် နေရာ ၃ ခု တည်ဆောက်ရန်အတွက် ၂၉၉ သိန်းကျော်ကို၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်းတင်ပြထားကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
ပုသိမ်တက္ကသိုလ်တွင် စာသင်ဌာန ၁၆ ခု ရှိပြီး ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင်အပါအဝင် ဧရာဝတီတိုင်း အနှံ့အပြားမှ နေ့စဉ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူပေါင်း ၆၀၀၀ ခန့် နေ့စဉ် တက်ရောက်ပညာသင်ကြားနေကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။