မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များဟာ ၃ကြိမ်တိုင်တိုင် ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ထဲ ဝင်ရောက် လာသည့်အတွက် ဒါကာအခြေစိုက် မြန်မာသံရုံးကို အကြောင်းကြားစာပေးပို့ပြီး ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ သတင်းအေဂျင်စီ(BSS) ကပြောဆိုပါတယ်။
BSS ရဲ့ ဖော်ပြချက်အရ မြန်မာရဟတ်ယာဉ်များဟာ Ukhiaဒေသမှာ ပြီးခဲ့သည် သြဂုတ်လ ၂၇ ရက်နေ့၊ ၂၈ရက်နေ့၊ မနေ့ စက်တင်ဘာ ၁ရက်နေ့တွေမှာ အကြိမ်ကြိမ် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားဝန်ကြီးဌာနက ဒီလို မြန်မာရဟတ်ယာဉ်တွေ သူတို့လေပိုင်နက်ထဲ ဝင်ရောက် လာခြင်းဟာ အိမ်နီးချင်းကောင်း ဆက်ဆံရေးနဲ့ မကိုက်ညီပဲ၊ မလိုလားအပ်တဲ့ အခြေအနေဆီကို ဦးတည်နိုင်တယ်လို့လည်း ရေးသားထားပြီး၊ ဒီလိုဖြစ်စဉ်တွေကြောင့် နှစ်နိုင်ငံ နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်ကောင်း ထိခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဘင်္ဂလီအကြမ်းဖက်သမားများက မောင်တော၊ ဘူးသီးတောင် စတဲ့ မြို့နယ်များက ရဲစခန်းများ ရဲကင်းများကို တပြိုင်နက်ထဲ တိုက်ခိုက်ပြီးနောက်၊ လူစုလူဝေးဖြင့် ဒေသခံ ရခိုင်၊ မြိုစသည့် တိုင်းရင်းသားကျေးရွာများကို မီးရှို့ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်နေတဲ့ အတွက် မြန်မာလုံခြုံရေး တပ်များက ရှင်းလင်းမှုများ လုပ်နေခြင်းဖြစ်ပါတယ်။
အလားတူ လုံခြုံရေးတပ်များ၏ ရှင်းလင်းမှုကြောင့် မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဝင်ရောက်နေမှုကိုလည်း ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ခဲ့ပြီးနောက် အကြမ်းဖက်မှုကို ပူးတွဲတိုက်ဖျက်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။