မောင်တောမြို့နယ်မှ တိမ်းရှောင်လာခဲ့သည့် ဘူးသီးတောင်မြို့နယ် မြို့မရပ်ကွက် ၂ ရပ်ကွက်တွင် ခိုလှုံနေသော ဟိန္ဒူ ဘာသာဝင် ၂၀၀ ကျော်သည် စားနပ်ရိက္ခာ အပါအဝင် မိုးရာသီအတွက် အကာအကွယ်ပေး နိုင်မည့် ပစ္စည်းများ လိုအပ် နေကြောင်း သိရသည်။
မောင်တောမြို့ပေါ်နေ ဟိန္ဒူဘာသာဝင်များ အပါအဝင် အနီးဝန်းကျင်ရှိ သက္ကာလှ ကျေးရွာ၊ သင်္ဘောလှ၊ သယာကုန်း စသည့် ဒေသများမှ ဟိန္ဒူဘာသာဝင် ၂၄၈ ဦးသည် ဘူးသီးတောင် မြို့မရပ်ကွက် ၂ ရပ်ကွက်သို့ တိမ်းရှောင် လာခဲ့ကြ ပြီး ခိုလှုံနေကြကြောင်း အကူအညီ ပေးနေသော ဟိန္ဒူလူငယ်များ လူမှု ကူညီထောက်ပံ့ရေး အသင်း(ယာယီ)မှ ဦးရာဟာလ် က ပြောသည်။
“ကျနော်တို့ အကူအညီ လိုအပ်နေပါတယ်။ ဆန်၊ ဆီ၊ ဆား အပြင် မိုးရာသီလည်း ဖြစ်တော့ မိုးလုံမယ့် ပစ္စည်းတွေ လည်း လိုအပ်နေပါတယ်။ တချို့သူတွေဆိုရင် သူတို့ရွာက မီးရှို့ခံလိုက်ရပြီး။ တချို့ကတော့ ခြိမ်းခြောက်တာ ခံရတော့ မနေရဲကြတော့ဘဲ ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးလာကြတာ တနေ့ကို ဆန်၂ အိတ် တပိုင်းကုန်တယ်။ လူဦးရေ က ၂၄၈ ယောက်ဆိုတော့ မလောက်ဘူး။ ကျနော်တို့ဆီမှာလည်း နည်းနည်းပဲ ကျန်တော့ပါတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ယာယီ ဒုက္ခသည်စခန်းသို့ စက်တင်ဘာ ၃ ရက်က သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ဆန်အိတ် ၂၀ လှူဒါန်း ခဲ့ပြီး ရခိုင်အရေးပေါ် ကူညီရေး အဖွဲ့ကလည်း ဆန်နှင့် ပဲများ လာရောက် ယူဆောင်ရန် ပြောဆိုမှု များရှိနေ သကဲ့သို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ မိုးကာများ လှူဒါန်းမှု ရှိကြောင်း သိရသည်။
“ကျနော်တို့ မြို့ပေါ်မှာဆိုတော့ လုံခြုံရေးကတော့ စိုးရိမ်စရာ မရှိပါဘူး။ အစိုးရဘက်ကတော့ အကူအညီပေးတာ မရှိသေးဘူး။ ကျနော်တို့လည်း မျှော်နေကြတာ၊ ဘင်္ဂါလီတွေက ခြိမ်းခြောက်တော့ တချို့က ကြောက်နေကြတာပေါ့။ အခုနေကြတဲ့ ကျောင်းက သေးတယ်။ လူကများတော့ ဒါလည်း အဆင်မပြေမှု တခုဖြစ်နေပါတယ်”ဟု ဦးရာဟာလ်က ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင် မြို့နယ်တို့မှ ရဲကင်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ ဒေသခံ တိုင်းရင်းသားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများ သေဆုံးခဲ့ကြရသည်။
ဒေသခံ တိုင်းရင်းသား ၁ သောင်းကျော် နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေကြရပြီး အစိုးရဘက်က လက်လှမ်း မီသည့် နေရာများသို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်နေသော်လည်း မောင်တောမြို့ မြောက်ပိုင်းရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များကို စစ်ဆင်ရေး နယ်မြေအဖြစ် အစိုးရက သတ်မှတ် ခွင့်ပြု လိုက်ကြောင်း သိရသည်။