တပ်မတော် (လေ) မှ G – 4 ဂျက်လေယာဉ် ၁ စီး လေ့ကျင့်ပျံသန်းရေးပြုလုပ်စဉ် ပျောက်ဆုံးနေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီက သတင်းထုတ်ပြန်လိုက်သည်။
ပုသိမ်လေဆိပ်မှ G-4 ဂျက်လေယာဉ် ၃ စီး ယနေ့မနက်ပိုင်းတွင် စတင်ပျံသန်းခဲ့ပြီး ထို ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံး ဂျက်လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးခြင်းဖြစ်သည်ဟုဆိုသည်။
ပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။