ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စသည့် မြို့ကြီးအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ညနေပိုင်းတွင် သတိပေးထုတ်ပြန်လိုက်သည်။
မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်နေသည့် ARSA အဖွဲ့အနေဖြင့် ယခုလအတွင်း ကျင်းပရန်ရှိသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် အချိန်ကိုက်လျှက် မြန်မာနိုင်ငံအတွင်းပိုင်း ဒေသများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ရန် ပြည်ပနိုင်ငံ တခုတွင် စီစဉ်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်မှာ ဘူးသီးတောင်၊ မောင်တော်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် လွန်ခဲ့သည့် လေးလခန့်ကပင် ပြည်ပနိုင်ငံရှိ မြန်မာအလုပ်သမား အချို့အား အခြားနိုင်ငံ တခုသို့ စေလွှတ်ကာ အကြမ်းဖက် သင်တန်းများပို့ချခဲ့ပြီး ၎င်းအဖွဲ့များအနေဖြင့် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်း ကျွမ်းကျင်သူများ ဖြစ်ကြောင်းလည်း တပ်ချုပ်ရုံးကဆိုထားသည်။
ARSA အဖွဲ့နှင့်ပတ်သက်၍ နိုင်ငံတဝှမ်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ် (ပုလဲဓာတ်မြေသြဇာ) တရားမဝင် စုဆောင်းမှုများ တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းနှင့် တပ်စခန်းများထံသို့ အကြောင်းကြားကြရန် သတိပေးနှိုးဆော်ထားသည်။