ရခိုင်အရေးနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်လာသည့် တူရကီ သမ္မတ အာဒိုဂန်အား သတင်းအချက် အလက်အမှား များဖန်တီးခြင်းကြောင့်မိမိတို့နှစ်နိုင်ငံအကြားကာလ ရှည်ကြာရင်းနှီးချစ်ကြည်သော မိတ်ဆွေကောင်းဆက်ဆံရေး ထိခိုက် လာမည်ကို စိုးရိမ်ရသလို၊ သတင်းဓာတ်ပုံ အမှားများကြောင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေနိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ထောက်ပြဝေဖန်လိုက်ပါတယ်။
တူရကီသမ္မတ အာဒိုဂန်ဟာ မနေ့ မွန်းလွဲ ၂နာရီက တယ်လီဖုန်းမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပြောဆိုခဲ့ခြင်း ဖြစ် ပြီး၊ ၎င်းက နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့ သော ခေါင်းဆောင်တဦးအနေဖြင့် ရခိုင်အရေးကိစ္စကိုအမြော်အမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်မည် ဟုယုံကြည်ကြောင်း၊ ကမ္ဘာတဝှမ်းတွင် လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယမရှိ ပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသောရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝှမ်းမှစိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်းစသည်ဖြင့် ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ဆိုပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကာ အကွယ်များ ပိတ်ပင် ခံရခြင်း၏ ဆိုလိုရင်းသဘောကိုကောင်းစွာသိရှိ နားလည်ပြီးအစဉ်အလေး ထားပြီး၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေး ဆိုင်ရာအခွင့်အရေးသာမက လူမှုရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခွင့် အရေးများကိုလည်း မြှင့်တင် လျက်ရှိပါကြောင်း၊ ရခိုင် ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာအကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည် မျှော်မှန်း ကာဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်ပါ တယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီတူရကီ ဒုဝန်ကြီးချုပ်က ဝါဒဖြန့်သည့်အနေဖြင့် ၎င်း၏ လူမှုကွန်ရက် Twitter ပေါ်တွင် တင်ထားသည့် သတင်းဓာတ်ပုံ အမှားများနှင့် ပတ်သက်၍ သတင်းအချက်အလက် အမှားများ ဖန်တီးခြင်းကြောင့် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်သောမိတ်ဆွေကောင်း ဆက်ဆံရေး ထိခိုက်လာမည်ကို စိုးရိမ် ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းထား လိုသော မြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံ ဆိုင်ရာတူရကီသံအမတ်ကြီးကတင်ပြပြီး ဖြစ်မည် ဟုယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ အခြား နိုင်ငံများမှ သတင်းဓါတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကိုသိရှိပြီး ဖြစ်မည်ဟုယူဆပါ ကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်ကြုံတွေ့ရသည့် အဖြစ်သည် သတင်းအမှားများထုနှင့်ထည်နှင့် ပြန့်နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓါတ်ပုံအမှားများကို မတူညီသော အသိုင်းအဝိုင်း များအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း ထောက်ပြပြောဆိုပါတယ်။
တူရကီနိုင်အနေဖြင့် ပီကေကေ (the Kurdistan Workers’ Partyor PKK -Kurdish: PartiyaKarkerên Kurdistan) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကိုကောင်းစွာနားလည်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကိုရင်ဆိုင်ရသည်မှာအတွေ့အကြုံအသစ် ဖြစ်သော်လည်း ယင်းအကြမ်းဖက် ဝါဒ ပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးသို့ ပြန့်နှံ့မသွားနိုင်စေရန် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာ တစ်ဝှမ်းမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းနေထိုင်သူအားလုံးဘေးကင်းလုံခြုံစိတ်အေးချမ်းသာစေရန် လိုအပ်သည့်ကာကွယ်မှုအားလုံးခံစားပိုင်ခွင့် ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် ၏ အစီရင်ခံစာပါ အကြံပြုချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည်ဖော်ရေး ကော်မတီကိုအမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားတယ်လို့ ဆိုပါတယ်။
တူရကီသမ္မတမစ္စတာအာဒိုဂန်ကမြန်မာအစိုးရတွေ့ကြုံရင်ဆိုင်နေရသည့် အခက် အခဲများနှင့် စိန်ခေါ်မှုများ ကိုသိရှိပါ ကြောင်း၊ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးရန် တူရကီနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရပါတယ်။
တူရကီဟာ ကဒ်လူမျိုးစုများအား နှိမ်နင်းနေရာ နိုင်ငံအတွင်းရှိ ကဒ်အလုပ်သမားပါတီ(PKK) ကိုသာမက အီရတ်နှင့် ဆီးရီးယားရှိ ကဒ်လူမျိုးစုများကို လေယာဉ်များ အမြောက်များနှင် စစ်အင်အားသုံးကာ ဝင်ရောက်တိုက်ခိုက်နေရုံသာမက ပြီးခဲ့သည့် မအောင်မြင်သည့် စစ်တပ်က အာဏာသိမ်းမှုတွင် ပါဝင်သည်ဆိုကာ သတ်ဖြတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ သလို လူပေါင်း သောင်းချီပြီးဖမ်းဆီး၊ အလုပ်ဖြုတ်မှုကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြောဆိုခြင်းခံနေရသည့် နိုင်ငံဖြစ်ပါတယ်။