ကြေးသွန်းဘုရားရှေ့ ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်၊ ကိုနိုင်ဝင်းထွန်းတို့ကို ယနေ့ပြုလုပ်သည့်ရုံးချိန်းအတွင်း ဗဟန်းတရားရုံးက ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၅ လနှင့် ပုဒ်မ ၁၉ အရ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပြီး ကိုဖိုးသားကို ပုဒ်မ ၁၉ ဖြင့် ထောင် ၁ လ ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ် ၁ လ ချမှတ်ခံရသည့် ကိုဖိုးသားဆိုသူမှာ အမှုရင်ဆိုင်စဉ်ကချုပ်ရက်ခံစားခွင့် ရရှိကာ ယနေ့ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
ဗဟန်းတရားရုံးက အဆိုပါ ၃ ဦးကို ပြစ်ဒဏ်ချမှတ်သည့် အမှုသည် ပြီးခဲ့သည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကောင်စီညီလာခံတွင် မြန်မာအစိုးရကိုယ်စားလှယ်က ဘင်္ဂလီများကို ရခိုင်ပြည်နယ်မှမွတ်ဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်းရန် တင်ပြခဲ့သည့်အပေါ် လက်မခံနိုင်ဟုဆိုကာ ၂၀၁၆ ဇူလိုင်လက ကြေးသွန်းဘုရားရှေ့မှ ဟစ်တိုင်ကို စီတန်းဆန္ဒပြမှုဖြစ်သည်။
ထို့အပြင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မဘသဦးဆောင် ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာ ၃ ပါး နှင့် မျိုးချစ် အမျိုးသားကွန်ရက် မှ ကိုဝင်းကိုကိုလတ် အပါအဝင် အဖွဲ့ဝင် ၄ ဦးကို ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက အမေရိကန် သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် “ရိုဟင်ဂျာလူမှု အသိုက်အဝန်း” အသုံးအနှုန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုသည် နိုင်ငံတော်အား အများပြည်သူ အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၉ အရ ကမာရွတ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်- အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၇ ဦး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရ