နိုင်ငံတဝန်း မြစ်ရေများ ပြန်လည် ကျဆင်းနေပြီဖြစ်သော်လည်း တိုင်း ၄ တိုင်းရှိ ကယ်ဆယ်ရေး စခန်းများတွင် ရေဘေး ဒုက္ခသည် ၇ သောင်းကျော် ဆက်လက် ရှိနေဆဲဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ကြောင်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွန်းက ပြောသည်။
ဒေါ်သင်းသင်းထွန်းက “အခုလက်ရှိမှာ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေက ပိတ်ထားပြီ။ ဒါပေမယ့် ဧရာဝတီ ၊ မကွေး ၊ ပဲခူး၊ မန္တလေးတိုင်းမှာ ကယ်ဆယ်ရေးစခန်းတွေ ရှိနေသေးတယ်။ အဲဒီမှာ ရှိနေတဲ့ လက်ကျန် အိမ် ထောင်စုပေါင်းက ၁၈၂၉၅၊ လူဦးရေပေါင်းက ၇၄၉၂၄ ဦး ရှိနေသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် မိုးရာသီအတွင်း လူဦးရေ ၃၂၁၃၀၀ ဦး ရေဘေးသင့်ခဲ့သဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကယ်ဆယ်ရေး စခန်း ၄၈၇ ခု ဖွင့်လှစ်ခဲ့ရပြီး အိမ်ပေါင်း ၆၃၂၄၀ ခန့် ပြောင်းရွှေ့ပေးခဲ့ရကာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၌ မိုးရွာသွန်းမှုများခြင်း နှင့် မြစ်ရေဝင်ရောက်မူကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့မှ ကျဆင်းလာသော ရေများသည် လာမည့် ၇ ရက် နောက်ပိုင်းတွင် မြစ်အောက်ပိုင်း သို့ စီးဆင်းလာမည် ဖြစ်သောကြောင့် အဆိုပါ ဒေသများဖြစ်သည့် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ချောက်၊ ပြည်၊ အောင်လံ၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်တို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သို့ ပြောသည်။
ဦးကျော်မိုးဦးက “ဧရာဝတီမြစ်မှာဆိုရင်တော့ ဇလွန်နဲ့ ဟင်္သာတကတော့ ကျသွားပြီ။ နောက် မအူပင်မှာကတော့ ကျတော့ ကျနေပြီ။ သူက စိုးရိမ်ရေမှတ် အထက်မှာ အနည်းငယ် ရှိသေးတယ်ပေါ့။ ကျန်တဲ့ မြို့တွေကတော့ စိုးရိမ်ရေမှတ် အောက် တွေပါပဲ။ ထပ်တက်မယ့် အလားအလာကတော့ မိုးရွာမယ့် အနေအထားပေါ် မူတည်တယ်” ဟု ဆိုသည်။
စစ်တောင်းမြစ်ရေသည် ပြီးခဲ့သည့် သီတင်းပတ်က မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၊ စက်တင်ဘာ ၂ ရက်နေ့က တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီး ရောက်ရှိနေကြသော်လည်း ကျန်မြို့များတွင် စိုးရိမ်ရေမှတ်အောက် ရောက်ရှိနေပြီ ဖြစ်သည်။
ချင်းတွင်းမြစ်ရေသည်လည်း ဟုမ္မလင်းမှအပ ကျန်မြို့များတွင် စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း မိုးဇလဌာနမှ သိရသည်။