မြောက်ကိုရီးယားအား ရေနံတင်ပို့နေမှုကို ရပ်တန့်မည်မဟုတ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုဟာ ကိုရီးယား ကျွန်းဆွယ်အကျပ်အတည်းရဲ့ အဖြေမဟုတ်ဟု ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောလိုက် ပါတယ်။
နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးပျံ ပစ်ခတ်စမ်းသပ်မှုတွေ ဆက်လုပ်နေတဲ့အတွက် မြောက်ကိုရီးယား အပေါ် ရေနံတင်ပို့နေမှု ရပ်တန့်ပေးဖို့ တောင်ကိုရီးယားရဲ့ အဆိုကို ထိုသို့ ရုရှားက တုန့်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။
“ဒါပေမယ့်လည်း ပြုံယမ်းအစိုးရ ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ပတ်သက်ဖို့လိုသလို၊ အဲဒီလို အခြေအနေမျိုးရောက်အောင် ဖန်တီးရမယ်၊ ဒါမှသာ လုံခြုံစိတ်ချရတဲ့တယ်လို့ သူတို့ခံစားရမယ်”လို့ ပက်စ်ကော့ဗ် ကပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ရုရှားနဲ့ မြောက်ကိုရီးယားအကြားက ကုန်သွယ်မှု ပမာဏနဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်ပို့မှုဟာ မပြောပလောက်ဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ရေနံနဲ့ လောင်စာကိုု တရုတ်ပြည်ကသာ အများဆုံးဝယ်ယူလျှက်ရှိပြီး ယခုအခါမှာတော့ ရုရှားဆီကနေ ပိုမိုဝယ်ယူဖု့ိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မကြာမီအတွင်းက မြောက်ကိုရီးယားရဲ့ ၆ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး နောက်မှာ တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် ရေနံအပါအဝင် အရေးယူပိတ်ဆို့မှုပြုလုပ်ဖို့ တိုက်တွန်းခဲ့သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ မရွေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်ခွင့်တွေကို ပိတ်ပင်ဖို့နဲ့ ရေနံပိတ်ဆို့မှု ပြုဖို့ တောင်းဆိုထားပါတယ်။
ရုရှားသမ္မတ ပူတင်ကတော့ ဒီလိုလုပ်မယ်ဆိုတဲ့ အကြံဉာဏ်ဟာ ပြဿနာကို ဖြေရှင်းရာမကြကြောင်း ဝေဖန်လိုက်ပါတယ်။