ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်အတွင်း ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များရှိ စာသင်ကျောင်းတချို့တွင် လူမှု ကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့နေသည့် သတင်းများကြောင့် ယနေ့တွင် ကျောင်းသားမိဘများက စိုးရိမ်ထိတ်လန့်ကာ မိမိတို့၏ သားသမီးများအား လာရောက် ခေါ်ဆောင်နေကြကြောင်း သိရသည်။
ပြည်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် လက်မှုပညာဖြစ်သည့် အိန္ဒိယ စက္ကူပန်းလုပ်နည်း သင်ကြားပေးရန် အိန္ဒိယနွယ်ဖွား (ပြည်တွင်းနေ) ၂ ဦးက ပြည်မြို့ ရွှေတခါရပ်ကွက်ရှိ ရွှေတံခါးကျောင်းသို့ ပညာရေးမှူး၏ ခွင့်ပြုမိန့်ဖြင့် လာရောက်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာမတဦးက လူမှုကွန်ရက်ပေါ် မှားယွင်းစွာ ရေးသားခဲ့မိ၍ မိဘများက စိုးရိမ်ပူပန်ကာ သားသမီးများကို ပြန်လည် လာရောက် ခေါ်ယူခြင်း ဖြစ်သည်။
တာဝန်ကျ ရဲအရာရှိတဦးက “ပညာရေးမှူး ထောက်ခံစာနဲ့ ရွှေတံခါးကျောင်းမှာ ပန်းအလှဆင်တဲ့ လက်မှုပညာသင်ဖို့ လာတဲ့ ကုလားဆင် ၂ ယောက် လာတာကို အဲဒီကျောင်းက ဆရာမက ဓာတ်ပုံရိုက်ပြီး ကုလားတွေ ကျောင်းထဲ ဝင် လာပြီဆိုပြီး တင်လိုက်လို့ ရှုပ်ကုန်တာ။ ဒီအချိန်မှာ သေချာမမေးဘဲ ဒီလိုမတင်သင့်ဘူး” ဟု ပြောသည်။
ယနေ့တွင် မြို့တွင်းသို့ လှည့်လည်၍လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း လိုက်လံကြေညာနေသည်ဟု သိရ သည်။
ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က “အကြောင်းအရာကို လိုင်းပေါ်တင်တဲ့ ဆရာမ ရော၊ ခွင့်ပြုခဲ့တဲ့သူ (စက္ကူအလှပန်း ပြုလုပ်ရန် ခွင့်ပြုခဲ့သူ ပညာရေးမှူး) ကိုရော သူတို့ဌာနတွင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားလိမ့်မယ်။ ဘယ်လိုအရေးယူမှုမျိုးတွေ လုပ်သွားမယ်ဆိုတာတော့ ကျနော့်ကို ပြောမသွားဘူး” ဟု ဧရာဝတီ ကိုပြောသည်။
“အစ်ကိုတို့လည်း စိုးရိမ်တာပေါ့။ ဖေ့စ်ဘုတ်မှာ လူမျိုးခြားတွေ ရွှေတံခါးကျောင်းထဲကို ဓားတွေကိုင်ပြီး ဝင်လာတယ် ဆို တော့ ကိုယ့်ကလေးတော့ အဖြစ်မခံနိုင်ဘူးဆိုပြီး ကျောင်းကို ပြေးလာခဲ့တာ။ ဒီရောက်မှ မဟုတ်မှန်း သိရတော့မှ ရင်အေးရတော့တယ်။ အခု အကုန်အလုပ်ပျက် အကိုင်ပျက်ဖြစ်ကုန်ပြီ။ ရေးတဲ့သူကို အရေးယူပေးရင် အကောင်းဆုံးပေါ့” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ပြည်မြို့ပေါ်ရှိ ကျောင်းများသို့ အထက်တန်းနှင့် အလယ်တန်း ကျောင်းသားများသာ ယနေ့ နေ့လယ်ပိုင်းတွင် ကျောင်း သို့ ပြန်လာကြပြီး မူလတန်း ကျောင်းသား ၊ ကျောင်းသူများ မလာတော့ကြောင်း သိရသည်။