ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ပကတိ အခြေအနေမှန်ကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံအပေါ် နားလည်မှုလွဲစေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင့်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူကာ ကန့်ကွက်ခဲ့သည်။
မနေ့ ညနေ ၃နာရီက မလေးရှား သံအမတ် H.E. Mr. Mohd Haniff Bin Abd Rahman အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေရှည် တည်တံ့သည့် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ရန်အတွက် နည်းလမ်း များရှာဖွေနိုင် ရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်အား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အကြံပေး ကော်မရှင်မှ တင်ပြလာသည့် အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လည်း ဆောင်ရွက်နေကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သွေးစည်းညီညွှတ်မှုကို ထိန်းသိမ်းရန် လိုပါကြောင်းကိုလည်း ပြောကြားခဲ့ပါသည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုကိစ္စရပ် များနှင့်ပတ်သက် ၍လည်းသတင်း အမှန်များကို မြန်မာအစိုးရ အနေဖြင့် စဉ်ဆက်မပြတ် ထုတ်ပြန်မှုများ၊ သံတမန်များအား ခေါ်ယူရှင်း လင်းမှု များ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုဖြင့် MRCS၊ ICRC နှင့် IFRC တို့ပါဝင်သည့် ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှု မရှိဘဲကူညီထောက်ပံ့သွားရန် ဆောင်ရွက်လျက်ရှိကြောင်းလည် ပြောဆိုခဲ့သည်။