လူမှုကွန်ရက်တွင် သွေးထိုးလှုံ့ဆော်စာ ဖြန့်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်
အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဆိုသည့် သတိပေး သွေးထိုးလှုံ့ဆော်စာများကို လူမှုကွန်ရက် ဖေ့စ်ဘုတ်နှင့် မက်ဆင်ဂျာ (messenger) များ၊ တယ်လီဖုန်းမက်ဆေ့ချ်များမှ တဆင့်ဖြန့်ဝေမှုများ ပြုလုပ်သူများ ကို ဥပဒေနှင့် အညီ အရေးယူသွားမည်ဟု သတင်းထုတ်ပြန်ရေး ကော်မတီက ယနေ့ စက်တင်ဘာ ၉ ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်စေသည့် ယင်းလုပ်ရပ်များကို လူ့အဖွဲ့အစည်း နှစ်ရပ်လုံးမှ ဆောင်ရွက်သည်ဟု ယူဆသဖြင့် ယင်းသို့ သွေးထိုးလှုံ့ဆော်မှု ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ အရေးယူမည်ဟု သိရသည်။
အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသည့် သတင်းကြားသိချိန်မှစတင်ပြီး အများပြည်သူများသို့ သတိပေး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားပြီး တဖက်ကလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မတူညီသည့် လူ့အဖွဲ့အစည်း နှစ်ရပ်အကြား တယ်လီဖုန်း မက်ဆေ့များ (Message) ၊ ဖေ့ဘုတ်စ်များ (Facebook) ၊ မက်ဆင်ဂျာများ (Messenger) မှ သွေးထိုးလှုံ့ဆော်သည့် သတင်းများ ဖြန့်ဝေခြင်း မပြုကြ ရန်နှင့် ဖြန့်ဝေပေးပို့လာမှုများ ရှိပါက ပေးပို့လာသူများအား တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေး ကြရန် သတင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာများတွင် လာမည့် စက်တင်ဘာ ၁၁ ရက်ကို သတိထားကြရန် အပါအဝင် အခြေအမြစ်မရှိသည့် ကောလာဟလစာများကို ဖြန့်ဝေမှုများစွာ ပြုလုပ်မှုများရှိနေသည်။