မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar မှ မကွေးတိုင်းဒေသကြီး အတွင်းရှိ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် လှူဒါန်းပေးမယ့် “မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ” အစီအစဉ်ကို စတင်လိုက်ပါတယ်။
အဆိုပါ လူမှုအကျိုးပြု အစီအစဉ်သစ်ကို မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မှ စတင်ကာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ယင်းဒေသမှာ နေထိုင်တဲ့ ပြည်သူများအနေနဲ့ အူရီဒူးဆင်းမ်ကတ် အသုံးပြုကာ ဖုန်းခေါ်ဆိုတိုင်း ၁ မိနစ်ကို တကျပ် အူရီဒူးမှ လှူဒါန်းပေးသွားမယ်လို့ သိရှိရပါတယ်။
အူရီဒူး ဆင်းမ်ကတ် အသုံးပြုသူများအနေနဲ့ အဆိုပါ လှူဒါန်းမှုအစီအစဉ်အတွက် မည်သည့် အပိုဝန်ဆောင်ခမှ ထပ်မံပေးစရာမလိုဘဲ ဖုန်းငွေလက်ကျန်များထဲမှလည်း ဖြတ်တောက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
“အခုပြုလုပ်တဲ့ လူမှုအကျိုးပြုအစီစဉ်က မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်ပေးတဲ့ အစီအစဉ်ပါ။ မိုဘိုင်းဖုန်း အသုံးပြုသူတွေက ဖုန်းခေါ်လိုက်တိုင်းမှာ အူရီဒူးကနေ လှူဒါန်းပေးသွားမယ့် ပထမဦးဆုံး အစီအစဉ်ဘဲ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ မိမိဒေသအတွက် အဓိကကျတဲ့ လူမှုအကျိုးပြုလုပ်ငန်းကို တိုက်ရိုက်ပြုလုပ်နိုင်တဲ့ အစီအစဉ်ကို ရွေးချယ်ပြုလုပ်ထားပါတယ်” လို့ Ooredoo Myanmar ရဲ့ Acting CEO, Mr.Vikram Sinha က ပြောပါတယ်။
Mr.Vikram Sinha ဟာ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းမှ စတင်ကာ Ooredoo Myanmar ရဲ့ အမှုဆောင် အရာရှိချုပ် Chief Executive Officer (CEO) အဖြစ် စတင်ပြီး လွှဲပြောင်းတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ Mr.Vikram အနေနဲ့ ယခင်က Ooredoo Myanmar မှာ Chief Operating Officer (COO) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခင် အူရီဒူးမြန်မာရဲ့ CEO ကတော့ Mr.Rene Meza ပဲ ဖြစ်ပါတယ်။
ယခင် CEO ဟောင်း Mr.Rene Meza ကတော့ Ooredoo Myanmar ကုမ္ပဏီမှာ ၂ နှစ်ကြာ တာဝန်ယူ ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ပါရာဂွေးနိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။
Ooredoo Myanmar မှ CSR (Corporate Social Responsibility) လူမှုအကျိုးပြုလုပ်ငန်းများအနေနဲ့ UNOPS (United Nations Office for Projects Services)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Pact Myanmar စတဲ့ လူမှု အကျိုးပြုအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ လစဉ်၊ နှစ်စဉ် ပုံမှန် ပါဝင်လှူဒါန်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – အူရီဒူးနဲ့ မြန်မာကြက်ခြေနီအသင်း ပူးပေါင်းပြီး ရေကောင်းရေသန့် ရရှိရေးလုပ်ငန်းများ ဆောင်ရွက်
အူရီဒူးမှ ကျေးရွာများကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်