ရန်ကုန်မြို့လယ်၊ ပန်းပဲတန်းမြို့နယ်အတွင်း ရွှေဘုံသာလမ်းနှင့် ၂၉ လမ်းကြား မဟာဗန္ဓုလလမ်းမပေါ်ရှိ Diamond 54 စိန်ရတနာ ရောင်းဝယ်ရေးဆိုင်တွင် ယနေ့နံနက်က အမျိုးသားတဦး ဝင်ရောက်လုယက်မှုု ဖြစ်ပွားခဲ့သည်။
စိန်ရတနာ အရောင်းဆိုင်ဝန်ထမ်း ဒေါ်အဲန်သဲမှ ယနေ့နံနက် ၉ နာရီခန့်တွင် ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် အမျိုးသားတဦးက ဆိုင်အတွင်း ဝင်လာကာ ၎င်း၏ ပါးစပ်အား တိပ်ဖြင့်ပတ်ကာ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးခဲ့ပြီး လက်ကိုင်အိတ်အတွင်းမှ ရတနာပစ္စည်းကို လုယက် ယူဆောင်သွားကြောင်း ပန်းပဲတန်းမြို့နယ် ရဲစခန်းမှ သိရသည်။
ပန်းပဲတန်း ရဲစခန်းမှူး ဒုရဲမှူး မျိုးလွင်က “ကာယကံရှင်တွေဘက်က အမှုတောင် သိပ်ဖွင့်ချင်တဲ့ အနေအထား မရှိလို့ ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီး လောလောဆယ် အမှုဖွင့်ထားတယ်”ဟု ပြောသည်။
လုယက်ခံရမှုတွင် ဒေါ်အဲန်သဲ၏ လက်ကိုင်အိတ်အတွင်းရှိ ရတနာပစ္စည်းမျိုးစုံ ၂၉ မျိုးရှိသည့်အနက် ခရု ပတ်ပုံစိန်စီထားပြီး အလယ်တွင် ပတ္တမြားတလုံးပါရှိကာ တန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိ ရွှေဆွဲသီးတကုံး ပါ သွားကြောင်း သိရသည်။
လတ်တလောတွင် လုယက်သွားသူအား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ပန်းပဲတန်းမြို့နယ် ရဲစခန်းမှ ပ-၂၇၆/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁ နာရီခန့်ကလည်း ပန်းပဲတန်းမြို့နယ်၊ ၂၇ လမ်း၊ အလယ်ဘလောက်ရှိ ကုန်ပစ္စည်းများ သိုလှောင်ထားသည့် မြေညီတိုက်ခန်းတခုအတွင်း ဖုန်းအားသွင်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ် တသောင်းခွဲခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။