သတင်းတို

ပြည်-တောင်ကုတ်ကားလမ်းတွင် မှန်လုံယာဉ် ချောက်ထဲထိုးကျ လူ ၅ ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ပြည် – တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် ၄၂/၆ တွင် ယမန်နေ့ည ၁၀ နာရီခန့်က တောင်ကုတ်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသည့် ရဲအောင်လံမှန်လုံယာဉ်မှာ အရှိန်လွန်၍ ချောက်ထဲထိုးကျရာ နေရာတွင် ပွဲချင်းပြီး လူ ၅ ဦး သေဆုံးကာ လူ ၄၀ ဒဏ်ရာရရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နတ်မှော်ကျေးရွာရှိ ဒေသခံများမှာ ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဘုန်းကြီးပျံပွဲသို့ သွားရောက်သည့် ကားမှာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပုဂံကွဲကျေးရွာအနီးရှိ ပေ ၂၀၀ ကျော်မြင့်သည့် ချောက်အတွင်း အရှိန်လွန် ထိုးကျခဲ့ကြောင်း၊ ဖြစ်စဉ်ကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့မှာ တောင်ကုတ်ဆေးရုံ၊ ဥသျှစ်ပင်ဆေးရုံနှင့် ပြည်မြို့ ပြည်သူဆေးရုံကြီးတို့တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ဘုန်းကြီးပျံပွဲသွားဖို့ ရဲအောင်လံကားကို စင်းလုံးငှားသွားတာ ကွေ့နားရောက်တော့ အရှိန်လွန်ပြီးထိုးကျသွားတာ။ သေတာက ၅ ယောက်၊ ဒရိုင်ဘာကတော့ ပေါင်ကျိုးသွားတယ်။ ည ၂ နာရီကတည်းက အခုချိန်အထိ တညလုံးပဲ ကျနော်တို့ ကယ်ဆယ်နေရတာ။ ပြည်ကအဖွဲ့တွေ နာရေးကူညီမှုအဖွဲ့တွေ ပန်းတောင်း၊ ဥသျှစ်ပင်၊ လေးရွာကအဖွဲ့တွေ လာကူညီလို့ ဒီလောက်မြန်တာ။ အခုနောက်ဆုံးတယောက်ကို ထုတ်နေတယ်။” ဟု သွားရောက်ကူညီပေးနေသူ တောင်ကုတ် ရွှေမန်းရတနာကားဂိတ်မှူး ဦးဘုန်းကျော်က ဧရာဝတီကို ပြောသည်။

ချောက်ထဲသို့ထိုးကျစဉ် ကားအတွင်း ပိတ်မိ သေဆုံးသူ ၃ ဦးအား ညတွင်းချင်း ဖယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် အလောင်း ၂ လောင်းအား ယနေ့နံနက် ၁၁ နာရီခန့်တွင် တဦးနှင့် နောက်ဆုံးတဦးအား နေ့လည် ၂ နာရီကျော်မှသာ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရသည်။

အဆိုပါ ရဲအောင်လံ မှန်လုံယာဉ် ယာဉ်မောင်း ဦးခိုင်လင်းကို အရေးယူနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading